Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် မြန်မာကစားသမားများ ၂၀ ကျော် ၀င်ပြိုင်ရန် ရှိ

Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် မြန်မာကစားသမားများ ၂၀ ကျော် ၀င်ပြိုင်ရန် ရှိ
နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် မြန်မာကစားသမားတစ်ဦး ယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - ရွက်လှေအဖွဲ့ချုပ်)
 

စက်တင်ဘာ ၂၄၊ ရန်ကုန်။       ။ 2015 Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲကို လာမည့် အောက်တိုဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံမှ ကစားသမား ၂၀ ကျော် ဝင်ပြိုင်ရန် ရှိနေသည်ဟု မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အထွေထွေမန်နေဂျာ ဦးဖုန်းကျော်မိုးမြင့်က မဇ္ဈိမသို့ ပြောသည်။

2015 Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်ထိ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်မည်ဖြစ်ပြီး ကစားနည်း သုံးနည်း ထည့်သွင်းထားသည်။

ထည့်သွင်းထားသော ကစားနည်းသုံးမျိုးမှာ Windsurfing ၊ Kietboarding နှင့် Stand Up Paddle (SUP)တို့ ဖြစ်ကြပြီး Windsurfing ပြိုင်ပွဲအမျိုးအစားမှာ မြန်မာနိုင်ငံနှင့် ရင်းနှီးသော ပြိုင်ပွဲအမျိုးအစားဖြစ်သော်လည်း ကျန်ရှိသည့် Kietboarding နှင့် Stand Up Paddle (SUP)တို့မှာ မြန်မာနိုင်ငံအတွက် ကစားနည်းအသစ်များ ဖြစ်သည်။

Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင် ဝင်ပြိုင်မည့် ကစားသမားအရေ အတွက်နှင့် ပတ်သက်၍  ရွက်လှေအဖွဲ့ချုပ် အထွေထွေမန်နေဂျာ  ဦးဖုန်းကျော်မိုးမြင့်က ' Windsurfing က ၅ ယောက်၊ ၁၀ ယောက်လောက်ရှိမယ်။ SUP က အခုပြောလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ လူတော်တော် များတယ်။ ခန့်မှန်း ထားတာတော့ မြန်မာ ၂၀၊ ၃၀ လောက်ရှိမယ်။ Windsurfing က ၅ ယောက်၊ ၁၀ ယောက်၊ ၁၅ ယောက်လောက် မှန်းထားတယ်။ kiet က အယောက် ၃၀ လောက်လာမယ်။ အင်တာနေရှင်နယ်တွေ။ မြန်မာပြည်မှာလဲ နိုင်ငံခြားသား
တွေရှိတယ်။ kiet က ၃၀ လောက် ခန့်မှန်းထားတယ်'ဟု ပြောသည်။

၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာရွက်လှေကစားသမားများက Windsurfing ကစားနည်းမှ ရွှေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု ရယူပေးခဲ့သည်။ ထို့ကြောင့် Myanmar Wave Rider Cup ရွက်လှေပြိုင်ပွဲတွင်လည်း Windsurfing ကစားနည်း၌ မြန်မာကစားသမားအများစု ဝင်ပြိုင်ဖွယ်ရှိနေပြီး မြန်မာနိုင်ငံအတွက် ကစားသမားအသစ်များ ဖြစ်လာသည့် Kietboarding နှင့် Stand Up Paddle (SUP) ကစားနည်းများ၌မူ မြန်မာကစားသမား ဝင်ရောက်ယှဉ်ပြိုင်မှု လျော့နည်းဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly