ကြံ့ခိုင်မှုအားနည်းချက်ကြောင့် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်း ဟု ဦးတင်မောင်ထွန်း သုံးသပ်

ကြံ့ခိုင်မှုအားနည်းချက်ကြောင့် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်း ဟု ဦးတင်မောင်ထွန်း သုံးသပ်
ရန်ကုန်အသင်းနှင့် မကွေးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

စက်တင်ဘာ ၂၄၊ ရန်ကုန်။    ။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၅ ဘောလုံးရာသီ အိမ်ကွင်းနှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ရခြင်းမှာ ကစားသမားများကြံ့ခိုင်မှုအားနည်းချက်ကြောင့် ဖြစ်သည် ဟု အသင်းနည်းပြ ဦးတင်မောင်ထွန်းက မကွေးအသင်းကို ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။

ရန်ကုန်အသင်းသည် မကွေးအသင်းနှင့်ပွဲတွင် ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့သလို ပြီးခဲ့သည့် လိဂ်ပွဲစဉ် ၁၈ ၌လည်း ရတနာပုံအသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သည့်အတွက် အသင်းသမိုင်းတလျောက် ပထမဆုံး အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်မှုအဖြစ် စံချိန်တင်သွားခဲ့သည်။

“ အသင်းမှာ အဓိက ကြံ့ခိုင်မှုပိုင်း အားနည်းနေပါတယ်။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက ဒီပွဲမှ မဟုတ်ပါဘူး။ ဒုတိယအကျော့စတင်ကတည်းက ကျနေတာပါ။ ရှေ့နည်းပြကို မဝေဖန်ချင်ပေမယ့် ကြံ့ခိုင်မှုလေ့ကျင့်တာ နည်းပါတယ်။ ကျွန်တော်ကိုင်တွယ်တာလည်း ဒီပွဲမတိုင်ခင် နှစ်ရက်ပဲ ရှိပါသေးတယ်။ နောက်ပွဲတွေမှာ ပြင်ဆင်ပြီး အနိုင်ရအောင် ကြိုးစားသွားမှာပါ။ ချန်ပီယံဆုအတွက်တော့ စိုးရိမ်စရာ မရှိပါဘူး။ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့မယ် ဆိုရင်လည်း ကျွန်တော်နည်းပြတစ်ယောက်အနေနဲ့ တာဝန်ယူသွားမှာပါ ” ဟု ဦးတင်မောင်ထွန်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ပြီးဆုံးချိန်၌ ရမှတ် ၄၆ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာမှ ရတနာပုံအသင်းနှင့် ၁၀ မှတ် ကွာဟလျက်ရှိသည်။ ရန်ကုန်အသင်းသည် လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် လိဂ် ပွဲစဉ် ၁၆ ရွေ့ဆိုင်းထားသည့် ပွဲစဉ်အဖြစ် ကမ္ဘောဇအသင်းနှင့် အိမ်ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly