မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုရင် ရွေးကောက်ပွဲ လုပ်မနေနဲ့တော့လို့ ကျော်သူပြော

မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုရင် ရွေးကောက်ပွဲ လုပ်မနေနဲ့တော့လို့ ကျော်သူပြော

မဲစာရင်း မှားယွင်းမှုများအတွက် ဝေဖန်မှုများ ထွက်ပေါ်နေရာ မဲစာရင်း သွားရောက် ကြည့်ရှု့ကြရန် အနုပညာရှင်များကပါ တိုက်တိုက်တွန်းတွန်း လှုံ့ဆော်နေရသည့် အခြေအနေဖြစ်ပေါ်နေသည်။ ထိုအထဲတွင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ပြောဆိုထားရာ ထိုစကားသည် သံသယများကို ဖြစ်ပေါ်စေပြီး မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ မှန်မည်ဆိုပါက ရွေးကောက်ပွဲ လုပ်ရန်မသင့်ဟု ကျော်သူကဆိုသည်။

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများအပေါ် အမြင်၊ မဲစာရင်း မှားယွင်းမှုများမှ ထွက်ပေါ်လာမည့် ရလဒ်အခြေအနေ၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအပေါ် တိုက်တွန်းချက်၊ မဲပေးကြမည့် မဲဆန္ဒရှင်များအပေါ် အကြံပြုချက်များ စသည်တို့ကို မဇ္ဈိမက မေးမြန်းခဲ့သည်။

ပါတီတွေကလဲ မဲဆွယ်စည်းရုံးနေကြပြီ နောက်မဲဆန္ဒရှင်စာရင်းတွေလည်း ထုတ်ပြန်ထားတာ တွေ့ပြီရရှိပြီ။ မဲဆန္ဒရှင် စာရင်းတွေကိုကြည့်တဲ့အခါမှာ တော်တော်များများ လွဲနေတာတွေ့တယ်။ ဦးကျော်သူတို့လို အနုပညာရှင်တွေ အနေနဲ့လည်း မဲစာရင်းတွေကို သွားကြည့်ကြပါ မဲစာရင်း မှန်လား လာတိုက်ကြပါ။ ဒီလိုမျိုး တိုက်တိုက်တွန်းတွန်း လုပ်နေရတဲ့ အနေထားရှိပြီးတော့ မဲစာရင်းကလည်း တော်တော် မှားယွင်းနေတယ်ဆိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို မဲစာရင်းမှား ယွင်းမှုတွေက ဆိုးကျိုး ဖြစ်စေမလဲ ခင်ဗျ။

မှားယွင်းတယ် ဆိုကတည်းဆိုက လွဲနေပြီပေါ့။ ရွေးကောက်ပွဲအတွက် နိုင်ငံတကာက ချမှတ်ပေးထားတဲ့ ဘတ်ဂျက်ကလည်း အများကြီးပဲ အဲတော့ ဒီဘတ်ဂျက်တွေက ဘယ်နေရာမှာ ဘယ်လိုသုံးလဲ။ ဒါလည်း ပွင့်ပွင့်လင်းလင်း ချပြဖို့သင့်တယ်။ ဒီနိုင်ငံတကာက ထောက်ပံ့တဲ့ ငွေတွေကိုလည်း သေချာ စာရင်းအင်းနဲ့ သေချာ တင်ပြသင့်တယ်။ ထောက်ပံ့လိုက်တဲ့ နိုင်ငံတွေကလဲ ဒါတွေကို တောင်းဆို သင့်တယ်။ ဒါမှလဲ ဒီလို မှန်မှန်ကန်ကန် သုံးထားလျက်နဲ့ ဘာဖြစ်လို့ လွဲမှားမှုတွေ ဖြစ်နေတာလဲ။

ရွေးကောက်ပွဲဆိုတာ အရင်ခေတ်တွေကတည်းက လုပ်ခဲ့တာပဲ မဆလ ခေတ်တုန်းကလဲ လုပ်ခဲ့တာပဲ။ မဲရုံကိုသွားကြစို့ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဒီသီချင်းတွေနဲ့ လုပ်ခဲ့တာပဲ။ ဒါဟာ အတွေ့ကြုံရှိပြီးသား ကိစ္စကို မှားတယ်ဆိုတာတော့ သိပ်ပြီးအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ။

အဲတော့ ဒီအရာဟာ အမှား သံသရာထဲမှာလည်နေတဲ့ အတွက် ပြည်သူလူထုတွေကလဲ ဒါတွေက ကိုယ်တွေနဲ့ မဆိုင်ဘူးလို့ ဒီလိုခံယူချက်တွေ ဖြစ်သွားတဲ့အတွက် ဒါဟာ ခုလို အနုပညာရှင်တွေကပါ အားလုံးက ဝိုင်းပြီးတော့ ဒီလှုံဆော်ရေးတွေ လုပ်နေရတဲ့ အပိုင်းဖြစ်တယ်။

အမှန်မှာတော့ ဒါဟာရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတိုင်းမှာကတော့ ရိုးနေပြီ။ ငါးနှစ် တစ်ကြိမ်လုပ်တယ် လုပ်တဲ့အချိန်မှာ ဘယ်သူကို မဲပေးရမယ် ဆိုတာ ပြည်သူပြည်သားတွေက ဘယ်သူတွေက ငါတို့နိုင်ငံအတွက် ပိုပြီးတော့ အသုံးကျတယ်။ ဘယ်သူကပိုပြီးတော့ လုပ်ပေးနိုင်တယ် ဒါကို သူတို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပေးနေရတဲ့ပွဲ။ သူတို့တွက်ကတော့ အထူးဆန်း မဟုတ်တော့ဘူး။

မြန်မာနိုင်ငံမှာက ဒီလိုလွဲမှားမှုတွေကတော့ မဖြစ်သင့်တော့ဘူး။ ဒါ အမှန်မှာကတော့ မုသာဝါဒဆိုတာ ဒါဘုရားလည်း ကြိုက်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဒီလိုလွဲမှားမှုတွေ လိမ်လည်မှုတွေ ပေါ်ပေါက်တာတွေကတော့ ဒါမကောင်းတဲ့ အလားလာပဲ။

 

ရွေးကောက်ပွဲ ကော်မရှင်ကလဲ ပြောထားတယ်  ၃၀% ပဲ မှန်နိုင်မယ်။ ၃၀% ပဲ မှန်နိုင်မယ်ဆိုတာ ဒီထက်လည်း မှားတဲ့ ရာခိုင်နှုန်းက မြင့်ကောင်း မြင့်မယ်။ ဆိုတဲ့ခါကျတော့ တာဝန်ခံမှု တာဝန်ယူမှု အနေနဲ့ကျတော့ ဦးကျော်သူ ဘယ်လိုပြောချင်လဲ ခင်ဗျ။

အဲဒါကတော့ ပြောတဲ့သူက ကိုယ့်ကိုကိုယ် အသိဆုံးပေါ့လေ။ သူအမှန်အတိုင်း သတ္တိရှိရှိနဲ့ ဝန်ခံရဲတယ်လို့ ဒါပြောရင်လည်း ပြောရမယ်။ ဒီဟာ မမှန်မကန်နဲ့ တကယ့်ကို လိမ်လည်ပြီးတော့ လုပ်တယ်ဆိုတာသူတို့ ပြောရင်လည်း ပြောလို့ရတယ်။ မင်းတို့ လုပ်ချင်တာလုပ် ငါတို့ကတော့ ၃၀% ဘဲမှန်တယ် အဲဒါကို ရှေ့ဆက်မှားအုံးမယ်ဆိုတဲ့ အနေထားမျိုး ပြောတာလဲ ဖြစ်ရင်လည်းဖြစ်မှာပဲ။

အဲတော့ ဒါကိုယ့်ကိုကိုယ် အသိဆုံးပါ အမှန်မှာတော့ ဘာပဲဖြစ်ဖြစ် ကော်မတီအဖွဲ့ဆိုတာ တကယ် မှန်မှန်ကန်ကန်လုပ်မှ မှန်မှန်ကန်ကန် အဖြေထွက်မှာ။ အမှန်မကန် လုပ်နေရင်တော့ ဒါခုကတည်းက ၃၀% ဘဲ မှန်ကန်မှု ရှိတယ်ဆိုကတည်းက ဒီရွေးကောက်ပွဲ ဘာလို့ လုပ်နေလဲ လုပ်မနေနဲ့တော့ပေါ့။ ရွေးကောက်ပွဲ လုပ်မယ်ဆိုလဲ မှန်ကန်မှု ၇၅% လောက်ပဲ အာမခံချက်ရှိတယ်ဆိုရင် ဒါဆို တော်သေးတာပေါ့ ၃၀% ဘဲ မှန်တယ်လို့ အာမခံချက် ပြောလိုက်တာကတော့ ဒါကိုယ့်ပေါင်ကို လှန်ထောင်းတာပဲ။

 

ကျွန်တော်တို့ လေ့လာမိသလောက်ကတော့ ဒါထက်များနိုင်မယ် အဲဒီတော့ ဒီမှားယွင်းမှုတွေက ရွေးကောက်ပွဲကို ဘယ်လို အနှောက်ယှက် ဖြစ်နိုင်မလဲ။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်က သေချာသိတာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ ဒီနိုင်ငံတကာ အဖွဲ့စည်းတွေနဲ့ အခြေနေကို သုံးသပ်လို့ရပြီပေါ့။ ဒီအရာ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာလား မဖြစ်ဘူးလားဆိုတာ ခုကတည်းက အဖြေကတော့ ထွက်နေပြီ။ ထွက်နေပြီဆိုတော့ ဒါကတော့ ကျွန်တော်တို့က သိပ်လည်း ပြောလည်း မပြောတတ်ဘူး။

ဥပဒေဆိုတာလဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တစ်သတ်မှတ်တည်း ချထားတာ မဟုတ်တဲ့အတွက် ကျွန်တော်ခုက ဘာမှ မပြောတတ်ဘူး။ မှန်ကန်မှုဖြစ်အောင် စောင့်ကြည့်ရေး အဖွဲ့စည်းတွေ ဒါကို ထောက်ပြဖို့ပဲ အရေးကြီးတယ်။ ဒါဟာ နိုင်ငံတကာ ဒီမိုကရေစီ နိုင်ငံတွေကနေပြီးတော့ ဒီလို ဒီမိုကရေစီနိုင်ငံ အဖြစ်ကူးပြောင်းတဲ့ မြန်မာနိုင်ငံအနေထားကို ဘယ်လိုဖြစ်နေတယ်ဆိုတာာ သူတို့လဲ မှန်မှန်ကန်ကန်သိမယ် မမှန်ကန်မှုတွေကို မှန်မှန်ကန်ကန်နဲ့ သိဖို့ အရေးကြီးတာပဲ။ မမှန်ကန်တာကို စောင့်ကြည့်ရေးအဖွဲ့ကလည်း မမှန်မကန် ကြည့်ရင်တော့ ဒါဟာ ပိုဆိုးကုန်မှာပဲ။

 

မဲစာရင်းကို ထုတ်ပြန်တဲ့ အခါမှာ ဒီ ၁၈ကြိမ်တောင်ပြင်ပြီးပြီ ဒါပေမယ့် ခုချိန်ထိ မှားနေတုန်းပဲလို့ သိရတယ်။  ဦးကျော်သူတို့ မိသားစုအနေနှင့် ဒီလိုမျိုး မှားယွင်းတာ ကြုံခဲ့ဖူးလာ အခုရော မှားနေသေးလား။

ကျွန်တော်တို့ ပထမတစ်ကြိမ် လုပ်တုန်းက သွားမေးတယ်။ ကျွန်တော်တို့ မြို့နယ် မရမ်းကုန်းမြို့နယ် ကျော်သူ ဦးကျော်သူတို့ မပါဘူးတဲ့။ မပါဘူးဆို သူက ပေါ့ပေါ့လေး ပြောလိုက်တာ ဒီရုံးဝန်ထမ်းက ကျော်သူဆိုတဲ့ နာမည်မပါဘူး။ ဒါပေမယ့် ကျွန်တော့်နာမည် မှတ်ပုံတင် နာမည်က ကျော်ဝင်း အဲဆိုပါတယ်ဆိုပြီး ကြည့်တော့ လိပ်စာက မှားနေတယ်။ လိပ်စာမှားနေတဲ့ အတွက် ကျွန်တော်တို့က ပြန်ပြောရတယ်။ နို့မိုဆို နေရပ်လိပ်စာ မရှိတဲ့ လူလိုဖြစ်နေပြီ။

အဲတော့ မြန်မာနိုင်ငံမှာနေပြီးတော့ ကိုယ်လိပ်စာကိုယ် မှန်မှန်ကန်ကန်မရှိတဲ့ အတွက် ဒါမျိုးတွေတော့ ခံစားရတာပေါ့။ ခုလို တစ်ချို့ မဲပေးခွင့်မရတာတွေ တစ်ရွာလုံး အသက်တွေ ရွယ်တူတွေ ဖြစ်နေတာမျိုးတွေက အင်မတန်ထူးဆန်းတဲ့ ကိစ္စကြီး။ လွဲမှားမှုဆိုတာ အဲလောက်ကြီးလွဲစရာ အကြောင်းအရာတော့ မရှိဘူး သိပ်အဓိပ္ပာယ် တော့ မရှိတဲ့ ကိစ္စတွေပဲ။

 

ပါတီတွေလည်း မဲဆွယ်နေကြပြီ တစ်ချို့ပါတီ တွေလည်းဆွယ်နေကြတယ် တစ်ချို့ပါတီတွေလည်း လုံးပန်းတုန်းရှိသေးတယ်ပေါ့။ ကျွန်တော် အဓိက မေးချင်တဲ့မေးခွန်းက ဦးကျော်သူ ဘယ်ပါတီကို မဲထည့်မယ်လို့ စိတ်ကူးရှိပါလဲ။

ကျွန်တော်ကတော့ ပရဟိတ သမားဆိုတာ လူသားချင်း စာနာစိတ်ဆိုတာ တကယ့်ကို တိုင်းပြည်အတွက် ပြည်သူပြည်သားအတွက် လုပ်ပေးမယ့်သူမျိုး ဒါမျိုးပဲ ထည့်ရမှာပဲ။ ထည့်ရမယ်ဆိုတဲ့ အပိုင်းမှာ တစ်ချို့ နေရာတွေကတော့ ပါတီအဖွဲ့စည်းတွေ အနေနဲ့ အချင်းချင်း ညှိနှိုင်းဖို့ လိုတာလေးတွေလည်းမြင်တယ်။ တိုင်းပြည်အတွက် ဘယ်သူက တကယ် လုပ်မှာလဲ။ လုပ်တဲ့သူပါတဲ့ နယ်မြေမျိုး ဒါမျိုးကို  နည်းနည်းလေး ကိုယ်တွေက ရှောင်ပေးသင့်ရင် ရှောင်ပေးစေချင်တယ်။ ဒါကလဲ ကျွန်တော်တို့က ပရဟိတ သမားဆိုတော့ စာနာစိတ်နဲ့ ပြောတာ။

တသီးပုဂ္ဂလဘဲ ဖြစ်ဖြစ် ပါတီကြီးကဘဲ ဖြစ်ဖြစ် တသီးပုဂ္ဂလကလဲ တကယ်ကို မှန်မှန်ကန်ကန် တိုင်းပြည်အတွက် ပြည်သူ ပြည်သားအတွက် တကယ် လုပ်ပေးမယ့်သူရှိတယ်ဆိုရင် ဒါပါတီကြီး အနေနဲ့ ရှောင်ပေးသင့်တဲ့ အတိုင်းတာမျိုးမြင်တယ်။ ထိပ်တိုက်တွေ ဖြစ်ကုန်ရင် အကုန်လုံး ဆုံးရှုံးမှုက နှစ်ဦးနှစ်ဘက် ဖြစ်မှာပဲ။

တစ်ချို့ ကျွန်တော်ကို မန္တလေးဘက်မှာ ရေးဘေး ကိစ္စ အလှူခံတာတွေ ဘာတွေ ဝိုင်းလုပ်ပေးတဲ့ ပုံတွေနဲ့ တသီးပုဂ္ဂလ ပါတီတစ်ခုကနေ ဒီပုံတွေကို ပြပြီးတော့ အလှူခံတယ်ဆိုပြီးကြားတယ်။ ဒါဖေ့ဘုတ်မှာ ကျွန်တော့်ကို နိုင်ငံရေးထဲမှာတော့ လာပြီး အသုံးမချပါနဲ့။ ကျွန်တော် စေတနာသန့်သန့်နဲ့ ပြည်သူလူထုကို ကူညီနေတာ။ နိုင်ငံရေးလုပ်ချင်လို့ ပါတီထောင်ချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ဒီအရာကို ကျွန်တော်ပုံနဲ့  ဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်တော်ဖေ့ဘုတ်မှာ တရားဝင်ကြေငြာလိုက်ရတဲ့ အပိုင်းတော့ ရှိတယ်။

ကိုယ်တွေက တကယ့်ကို မှန်မှန်ကန်ကန် လုပ်ချင်သား ခုရွေးကောက်ပွဲနားနီးတော့မှ ဟိုဟာလုပ်ပေးလိုက် ဒီဟာလုပ်ပေးလိုက်။ ရေစုပ်စက်တွေချပေးလိုက် လမ်းတွေခင်းပေးလိုက် ဒါမျိုးလုပ်တာကတော့ ဒါတွေကတော့ ကျွန်တော်တို့အတွက် ရိုးနေပြီ အဲတော့ ဒီရိုးအီနေတဲ့ ကိစ္စမျိုးတွေကို ဟန်ပြ မလုပ်ပြကြပါနဲ့။ လုပ်မယ့်လုပ် အစကတည်းက လုပ်ကြပါ။

 

ကျွန်တော့် ပွင့်ပွင့်လင်းလင်း မေးပါရစေ ဦးကျော်သူ ဖြေချင်မှလဲဖြေပါ။ ဒီနိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲ ခင်ဗျ။

ကျွန်တော်ကတော့ NLD  ပဲ ပေးမှာပါ။ နေတာကလဲ မရမ်းကုန်းမှာပဲနေတယ် မရမ်းကုန်းမှာလဲ NLD ရှိတာကိုး NLD  ပဲပေးမှာပေါ့။

 

ရွေးကောက်ပွဲမှာ မဲဆွယ်နေတဲ့ နိုင်ငံရေး ပါတီတွေကိုကော ဘာများ ပြောချင်ပါသလဲ။

ခုနက ကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့လေ ဟန်ပြ မလုပ်ကြပါနဲ့။ နှလုံးသားထဲကနေ တကယ့်ကို ထဲထဲဝင်ဝင်ဝင် လုပ်ကြပါ။ ပြီးတော့ ဒီရွေးကောက်ပွဲ နီးတော့မှ ဝုန်းးဒိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ရတာမျိုးတွေ ကြုံတယ်။ ဝုန်းဒိုင်းနဲ့ တစ်သက်လုံး လုပ်ပြကြပါ။ ဒီငါးနှစ်သက်တမ်းဆို ငါးနှစ်စလုံး ကိုယ် ဒီနေရာတစ်ခုရပြီဆို ရတဲ့နေ့ကစပြီး ဒီအရာကို အလုပ်ကျွေးပြုကြပါ။ ပြည်သူက အားကိုးတစ်ကြီးနဲ့ မဲပေးကြတာ ကိုယ့်ကိုယ့်မဲ ပေးကြတာ ဒီကျေးဇူးတရားကို ပြန်ပြီးဆပ်ဖို့ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်နေရာရပြီ ဆိုပြီးတော့ ငါးနှစ် ထိုင်စားတော့မယ်ဆိုတဲ့ အချိုးမျိုး လာမလုပ်ပါနဲ့တော့။ အဲတာမျိုးဆိုရင်တော့ မြန်မြန် ပြုတ်မှာပဲ လို့ ကျွန်တော်ပြောချင်တယ်။

 

နောက်ဆုံး မေးခွန်းပါပဲ မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို ဦးကျော်သူ ဘာများအကြံပေးချင်ပါသေးလဲ။

မဲဆန္ဒရှင်တွေကလဲ ဘယ်သူတွေက ဘယ်လိုပဲ စည်းရုံး စည်းရုံး ကိုယ့်ရဲ့စိတ်အရ ဒီမဲရုံထဲဝင်သွားတဲ့ အချိန်မှာ ဖြစ်ပေါ်တဲ့ အတိုင်း ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးကြဖို့ အရေးကြီးတယ်။ ဒီမဲရုံထဲမှာ ဝင်သွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ မဲကဒ်ပြားတစ်ကဒ်ဟာ ကိုယ့်ရဲ့တစ်သက်လုံး ကိုယ့်ရဲ့ အနာဂတ်ဟာ ကောင်းခြင်းဖြစ်လာမလား ဆိုးချင်ဖြစ်လာမလား ဆိုတာ ဒါကို သေချာစဉ်စားပြီးမှ ထည့်ပါ။ လွယ်လွယ်ပေါ့ပေါ့လေး ထည့်လိုက်ရင် ကိုယ့်ရဲ့ အနာဂတ်တွေ အကုန်လုံး ပျက်စီးကုန်ပါလိမ့်မယ် အဲဒါပဲ ပြောချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly