သူ့နေရာအတွက် အမျိုးသမီးဆက်ခံသူမှာ အလွန်လှပရလိမ့်မည်ဟု ဒလိုင်လာမားပြော

သူ့နေရာအတွက် အမျိုးသမီးဆက်ခံသူမှာ အလွန်လှပရလိမ့်မည်ဟု ဒလိုင်လာမားပြော

လန်ဒန်၊ စက်တင်ဘာ-၂၄ ။          ။ ဒလိုင်လာမားက ၎င်းကို ဆက်ခံမည့် အမျိုးသမီးမှာ ကြီးလေးသောတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် အလွန်ဆွဲဆောင်မှု ရှိရလိမ့်မည်ဟု ကြေညာလိုက်ခြင်းဖြင့် သန်းပေါင်းများစွာသော ထောက်ခံသူများကို အံ့အားသင့်သွားစေခဲ့သည်ဟု ဆိုသည်။

မိမိကိုယ်မိမိ အိတ္ထိယဝါဒီဟု ကြေညာထားသည့် တိဗတ်ဘာသာရေးခေါင်းဆောင်က သူ့နေရာကို လွှဲပြောင်းဆက်ခံရမည့် အမျိုးသမီးတစ်ယောက်အနေဖြင့် ရုပ်ဆိုးနေပါက သင့်တော်လိမ့်မည် မဟုတ်ဟု ပြောလိုက်သောကြောင့် ဘီဘီစီမှ တွေ့ဆုံမေးမြန်းနေသူပင်လျှင် အံ့အားသင့်သွားရသည်ဟု ဆိုသည်။

''အဲဒီအမျိုးသမီးက လှပဆွဲဆောင်မှုရှိရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်မဖြစ်ဘူး''ဟု ဒလိုင်လာမားက ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လာမားက ကရုဏာနှင့် ကိုယ်ချင်းစာတစ်ရားကို မြှင့်တင်ရန် လန်ဒန်သို့ ၉ ရက်တာ အလည်အပတ်ခရီး ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ မှတ်ချက်စကား ပြောကြား ခဲ့ခြင်းပင် ဖြစ်သည်။

သို့ရာတွင် သူ့ကို ဆက်ခံမည့် အမျိုးသမီး တစ်ယောက် ရှိရမည့် အရည်အချင်းနှင့် ပတ်သက်သည့် သူ့မှတ်ချက်စကားက သူ့ကိုထောက်ခံသူ အမျိုးသမီးထုကြား သူ့ရပ်တည်မှုကို ထိခိုက်နိုင်သည်။

ဘီဘီစီဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် ဒလိုင်လာမား၏ ရုပ်သံအင်တာဗျူးကို ချုံ့ထားသည့် ဆောင်းပါးတွင်မူ အမျိုးသမီးများနှင့် ပတ်သက်သည့် သူ့မှတ်ချက်စကားကို ထည့်သွင်းမထားပေ။ ယင်းအစား မွတ်စလင်ဖြစ်လို့ ဒုက္ခသည်တွေကို မငြင်းပယ်လိုက်ပါနဲ့ဟူသော ခေါင်းစည်းစာလုံးဖြင့် ဒုက္ခသည်များကို ကျောခိုင်းစွန့်ပစ်ခြင်းမပြုလုပ်ရန် ဥရောပနိုင်ငံများကို ဒလိုင်လာမား၏ တိုက်တွန်းခက်ကိုသာ ဇောင်းပေး ဖော်ပြထားသည်။

နာမည်အရင်း တင်ဇင် ဂျက်ဆိုဟု ခေါ်သည့် ဒလိုင်လာမားမျာ ယခုနှစ်ဆိုလျှင် အသက် ၈၀ ပြည့်သွားခဲ့ပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် နိုဘဲငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး တီဗက်လွတ်လပ်ရေးနှင့် အခြားကိစ္စများတွင် ၎င်း၏ ရပ်ခံအရေးဆိုမှုအတွက် အနောက်ကမ္ဘာမှ တက်ကြွလှုပ်ရှားသူများနှင့် အထင်ကရပုဂ္ဂိုလ်များက ဒလိုင်လာမားကို ဂုဏ်ပြုခဲ့ကြသည်။   

တိဗက် ဗုဒ္ဓဘာသာ အစဉ်အလာအရ အသက် ၉၀ ပြည့်သည့်အချိန်တွင် ဒလိုင်လာမားအနေဖြင့် အခြားဘာသာရေးခေါင်းဆောင်များနှင့်အတူ တစ်ဆယ့်ငါးဆက်မြောက် ဒလိုင်လာမားအဖြစ် သူ့နောရာကို ဆက်ခံမည့် ပြန်လည်ဝင်စားသူကို ဆုံးဖြတ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly