မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုတဲ့ ကော်မရှင် ဥက္ကဋ္ဌကို အနုပညာရှင်တွေ ဘယ်လို တုန့်ပြန်လိုက်သလဲ

မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုတဲ့ ကော်မရှင် ဥက္ကဋ္ဌကို အနုပညာရှင်တွေ ဘယ်လို တုန့်ပြန်လိုက်သလဲ
ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း မဲဆန္ဒနယ်အတွက် မဲစာရင်းတွင် မိမိ အမည် ပါမပါ စိစစ်နေသူတစ်ဦးကို စက်တင်ဘာ ၁၄ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄။          ။ ရွေးကောက်ပွဲကော်မရှင် ဆိုတာ သန့်ရှင်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို အသက် ဝိဉာဉ်သဖွယ်၊ ဦးထိပ်ပန်ဆင်ထားရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင် အဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာ၊ လူကြီးလူကောင်းဆန်မှုနဲ့ သမာသမတ်ကျမှုတွေဟာ သန့်စင်နေဖို့ လိုအပ်ပါတယ်။ စကားပြောဆို ဆွေးနွေးရာမှာလည်း ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူ ကောင်းဆန်ဖို့လည်း လိုပါတယ်။

အခုတော့ ကော်မရှင် လူကြီးကိုယ်၌ကရော ကော်မရှင်ရဲ့လုပ်ရပ်တွေကပါ တိုင်းကျော်ပြည်ကျော် ပြောစရာ ဆိုစရာတွေ ဖြစ်လို့ နေပါတယ်။ မဲစာရင်းမှားယွင်းမှုဟာ ပြည်သူတွေရဲ့ စိတ်အေးချမ်းစွာ ဆန္ဒမဲ ပေးနိုင်ရေးကို ထိပါးနှောက်ယှက်တာပဲ ဖြစ်ပါတယ်။

မဲစာရင်းမှန် ရရေးကိစ္စဟာ အချိန်၊ ငွေကြေး၊ ပြည်ပ အကူအညီ၊ ကျွမ်းကျင်သူလူအင်အား စသဖြင့် လုံလောက်စွာ ရရှိခဲ့ပါတယ်။ မကြာခင်ကမှ ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်းထဲကနေ အလွယ်တကူ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေခံ အချက်အလက်တွေ ပြည့်စုံလုံလောက် နေပါလျက်နဲ့ မဲစာရင်း နှစ်ကြိမ်နှစ်ခါ မှားယွင်းနေတာဟာ သွေးရိုးသားရိုးမဟုတ်ဘဲ တမင် ညစ်ပတ်တဲ့ လုပ်ရပ်ကလွဲလို့ တခြားဘာမှ ဖြစ်နိုင်စရာမရှိဘူးလို့အသံတွေကျယ်ကျယ်လောင်လောင် ကြားနေရတာပါအဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ကော်မရှင်က ထွက်လာတဲ့ မဲစာရင်းတွေဟာ တမင်တကာရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူးလို့ ပြောရင်တောင်မှ ယုံနိုင်တဲ့ လူရှားသွားပြီလို့ ဆိုပါတယ်။

 

မဲစာရင်း မှန်ကန်မှုကို ဒီရေးကောက်ပွဲရဲ့ ဒိုင်လူကြီးက ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်လို့ ပြောကတည်းက ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ကျွန်မကမြင်တယ်။ ဒါပေမယ့်လည်း ကျွန်မတို့က၊ ကျွန်မတို့တိုင်းပြည်မှာက ရွေးကောက်ပွဲလုပ်ဖို့ လိုအပ်တဲ့အတွက် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး သွားရမှာပေါ့လေ။ လုပ်ဖြစ်အောင်သွားရမှာပဲ။ မမျှတတာတော့ မမျှတဘူး။ တမင်တကာ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ဘူးလို့ ပြောရင်တောင်မှ ယုံနိုင်တဲ့ လူရှားသွားပြီပေါ့ သူ့ရဲ့ လုပ်ရပ်က။ နိုင်ငံတော်က အသိအမှတ်ပြုပေးထားတဲ့ လူတစ်ယောက်ဟာ နိုင်ငံသားပါလို့ အသိအမှတ်ပြုကဒ် ကိုင်ဆောင် ထားတဲ့ မည်သူမဆို အဲဒီကဒ်နဲ့ တရားဝင် မဲလက်မှတ်ထုတ်ခွင့်ရသင့် တယ်လို့ ကျွန်မထင်ပါတယ်။

 

မဲစာရင်း မှားယွင်းနေတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေဘက်က တုန့်ပြန်မှုက အားရစရာ မကောင်းပါဘူး။ သိပ်သဘော ကောင်းလွန်းနေတာကို တွေ့ရမှာပါ။ မဲစာရင်း မှားတာကို တစ်ဖက်က လူထုထဲမှာ အမှားပြင်ဖို့ တအိမ်တက်ဆင်း လိုက်လံလှုံ့ဆော် စည်းရုံးရမှာဖြစ်သလို ဒီလိုမှားယွင်းနေတာနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးဆို တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

ဒီ နှစ်ခုကို ဟန်ချက် ညီညီ ပေါင်းစပ်ရေးမှာ ပျက်ကွက်ခဲ့ပါတယ်။ တအိမ်တက်ဆင်း မဲစာရင်း ပြင်ဆင်ရေးဆိုတဲ့ ဘက်တစ်ဖက်ထဲကိုပဲ အားပြုလုပ်ဆောင်ခဲ့ပါတယ်။ ဒီလို မဲစာရင်း အမှားကို အရေးဆို တိုက်ပွဲဆင်ရာမှာ ဥပဒေတွင်း နည်းလမ်းရှိသမျှနဲ့ အရေးကုန်အောင် တိုက်ပွဲဝင်ရမှာပါ။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေး ပါတီအားလုံး၊ လူမှုအဖွဲ့အားလုံး စုစည်းပြီးတော့လည်း စုပေါင်း အရေး ဆိုကြရမှာပါ။ ၃၀ရာခိုင်နှုန်း လောက်ပဲ မှန်နိုင်တယ်ဆိုတာက အရမ်းကို လက်လွတ်စပယ် ဖြစ်နေတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

အစ်မအနေနဲ့ ပြောရရင် မှားတယ်ဆိုတာလေ ဥပမာ ဆိုကြပါစို့၊ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်း မှားတယ်ဆိုရင်တောင်မှ ဒါဟာ တော်တော် မမှားသင့်တဲ့ ကိစ္စပေါ့နော်။ အဲလို မဟုတ်ပဲနဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ မှန်နိုင်တယ်ဆိုတာက အရမ်းကို ဘယ်လိုပြောမလဲ၊ လက်လွတ် စပယ်အရမ်း ကျပြီထင်တယ်။ နောက်တစ်ခုက ဒီမဲစာရင်းစစ်ဖို့ကိစ္စကို အစ်မတို့လည်း သိနေတယ်။ လူတော်တော် များများလည်း ကြားတယ်။ နိုင်ငံတကာက ထောက်ပံ့ကြေးရတယ်။

နောက်ပြီးတော့ အတိုင်းအတာ တစ်ခု အထိလည်း တော်တော်လေး လောက်ငှတဲ့ အချိန် ရခဲ့တယ်လေ။ အဲလို လောက်ငှတဲ့ အချိန်ရတယ်၊ ငွေရေး ကြေးရေးအရ ထောက်ပံ့မှုတွေ အများကြီးရပေမယ့် အခုဆင်ခြေ ပေးတာကတော့ ဒါ စက်ပစ္စည်းက ကိုင်တွယ်မှု အားနည်းလို့၊ ကွန်ပျူတာရဲ့ အသုံးချနိုင်မှု အားနည်းလို့ဆိုတဲ့ ဆင်ခြေပေါင်းများစွာနဲ့ ၃၀ရာခိုင်နှုန်းပဲ မှန်နိုင်မယ်လို့ ပြောတာကြီးကတော့ တော်တော့်ကို တာဝန်မဲ့လွန်းတယ်။

 

ဝန်ထမ်းတွေကို တစ်ဖက်မှာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ချုပ်ချယ်ကန့်သတ် ထားပေမယ့်၊ စစ်တပ်အနေနဲ့ ဘယ်ပါတီကို မဲထည့်ရမယ်လို့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညိနှိုင်း အစည်းအဝေးမှာ ကာချုပ်က (ဒို့တာဝန်အရေး ၃ပါး သိရှိ နားလည်စောင့်ထိန်းနိုင်သူ၊ မြင် လေးမြင်ရှိသူ၊ စစ်တပ်အပေါ် နားလည်မှုရှိသူ)ကို မဲပေးရမယ်တဲ့။ ဝိနည်းလွတ် အမိန့်ပေးညွှန်ကြား သွားပါတယ်။ မင်းတို့အနေနဲ့ ကြံ့ဖွံ့ပါတီကိုပဲ မဲထည့်ကြလို့ ပြောတယ်ဆိုတာ လူတိုင်း သဘောပေါက် ပါတယ်။ အဆိုတော်အနဂ္ဂ ကတော့ မဲစာရင်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်မှု ဆိုတာကိုအခုလို အဓိပ္ပါယ် ဖွင့်ပါတယ်။

လွတ်လပ်တယ် ဆိုတာကတော့ ဒီမဲစာရင်းကို မှားလိုက်ပြီဆိုတာနဲ့ သူတို့ ဘယ်လိုပဲ လုပ်လုပ်  လွတ်လပ် သွားပြီလေ။ သူတို့ လွတ်လပ်သွားပြီ။ မဲစာရင်းကို မှားအောင် လိမ်ထားပြီဆိုတာနဲ့ သူတို့က ဘယ်လောက်ပဲ မဲလာပေးပေး (၃၀) ရာခိုင်နှုန်းပဲ ပေးတဲ့မဲကို သူတို့အနေနဲ့ ဘာမှညစ်ထားခြင်း မရှိဘူး ဆိုရင်တောင် ကျန်တဲ့ (၇၀)ရာခိုင်နှုန်းက သူတို့ အိပ်ထဲကို အလိုလိုရောက်သွားပြီ။ အဲတော့ သူတို့ဆိုချင်တဲ့ လွတ်လပ်မှုဆိုတဲ့ဟာ၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာက ပွင့်လင်း မြင်သာမှုတော့ မရှိသေးပါဘူး။

 

ပြီးတော့ မှန်မှန်ကန်ကန် ရွေးကောက်ပွဲကို ပြုလုပ်မယ်ဆိုတဲ့ဟာက ခုချိန်ထိကို သေသေချာချာ မတွေ့ရသေးပါဘူး။ ပြီးတော့ တိုင်းပြည်မှာ တကယ့်ကို အာဏာယူမယ်ဆိုတဲ့ နာမည်ကြီးနေတဲ့ နိုင်ငံရေးပါတီ ငါးခု ခြောက်ခုလောက်ကလည်း အခုဆိုရင် သူတို့ကို မဲပေးရမယ့် စာရင်းတွေထဲမှာ မပါတဲ့လူတွေက များနေတော့ ဒီရွေးကောက်ပွဲက သူတို့တွေ ညစ်ဦးမယ်။ ထပ်ပြီးတော့ လုပ်နေဦးမယ်ဆိုရင် ဒါဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။

 

ဒီလို အခြေအနေတွေကြောင့် လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ထွန်းအိန္ဒြာဗိုလ်ကတော့ ဒီလို အမှားမှား အယွင်းယွင်း ဖြစ်နေရင် နိုင်ငံသားလို့ ID တစ်ခုခုရှိတာနဲ့ မဲပေးခွင့် ရှိသင့်ပါတယ်တဲ့။

တမင်တကာ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ဘူးလို့ ပြောရင်တောင်မှ ယုံနိုင်တဲ့လူ ရှားသွားပြီပေါ့။ သူ့ရဲ့ လုပ်ရပ်က။ နိုင်ငံတော်က အသိအမှတ်ပြု ပေးထားတဲ့ လူတစ်ယောက်ဟာ နိုင်ငံသားပါလို့ အသိအမှတ်ပြုကဒ် ကိုင်ဆောင်ထားတဲ့ မည်သူမဆို အဲဒီကဒ်နဲ့ တရားဝင်မဲလက်မှတ် ထုတ်ခွင့် ရသင့်တယ်လို့ ကျွန်မထင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ပြောချင်ပါတယ် နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးပါတယ်။ သူ့ရဲ့လုပ်ရပ်က နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကျူးလွန်ရာ ရောက်ပါတယ်။ အဲအတွက် ဘယ်လိုပြင်ဆင်ပေးမလဲ။

နိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့၊ နိုင်ငံသားလို့ ID တစ်ခုခုရှိတာနဲ့ မဲပေးခွင့်ရှိသင့်တယ်လို့ ကျွန်မက တောင်းဆိုပါတယ်။ ၃၀ ရာခိုင်နှုန်းပဲ သူက တာဝန်ယူတယ်ဆိုတော့ ၇၀ ရာခိုင်နှုန်း မှားမယ်ဆိုတဲ့ သဘောဖြစ်နေတယ် အဲတော့ ၇၀ ရာခိုင်နှုန်း အတွက်ကို အတတ်နိုင်ဆုံး ပြည်သူများက မိမိ မဲစာရင်းကို မိမိကြည့်ခြင်းအားဖြင့် အမှန်ရာခိုင်နှုန်းကို များနိုင်သမျှ များအောင် ဆွဲတင်နိုင်ဖို့ ကျွန်မတို့ နှိုးဆော်ချင်ပါတယ်။ ဒါပေမယ့်အဲလို လူတိုင်းလုပ်ကြတာတောင်မှ အခက်အခဲတွေက အများကြီး ရှိတဲ့အတွက်ကြောင့် အမှန်ရာခိုင်နှုန်းကလည်း အများကြီးတော့ တက်လာစရာ မရှိဘူးလို့ ကျွန်မထင်ပါတယ်။

 

မဲပေးတဲ့ ပုံစံနဲ့ပတ်သက်လို့ ပယ်မဲတွေ ဖြစ်နိုင်တဲ့ အလားအလာများကြောင်းလည်း ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

မဲပေးတဲ့ ပုံစံကလည်း ပြည်သူတွေအတွက် အခက်တွေ့စရာပါ ဒီတံဆိပ်တုံးထုတယ် ဆိုတဲ့ကိစ္စမှာ တံဆိပ်တုံး ဆိုတာက တော်ရုံလူ ထုတတ်တာ မဟုတ်ပါဘူး။ ဒီတံဆိပ်တုံး ထုတဲ့အခါမှာလည်း တံဆိပ်တုံးကို ပြောင်းပြန် ထုနိုင်တယ်။ နောက်ပြီးတော့ တံဆိပ်တုံးကို ထုတဲ့အခါမှာလည်း ထင်ပါ့မလားဆိုတာ စိတ်ပူပြီးတော့ ထပ်ခါထပ်ခါ ထုတဲ့အတွက် ဘေးမှာ မှင်ပျက်တာမျိုး ဖြစ်နိုင်တယ် နောက်တစ်ခုက တံဆိပ်တုံးကမှင်က လက်မှာပေပြီးတော့ စာရွက်မှာပေနိုင်တယ်။ အဲလိုနည်းမျိုးနဲ့ ပယ်မဲတွေအများကြီး ဖြစ်သွားနိုင်တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly