ဥရာပ၏ ဒုက္ခသည်အတွက် အမေရိကန်တွင် တာဝန်ရှိဟု မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ

ဥရာပ၏ ဒုက္ခသည်အတွက် အမေရိကန်တွင် တာဝန်ရှိဟု မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ စက်တင်ဘာ-၂၄ ။           ။ မြောက်ကိုရီးယားက စက်တင်ဘာ ၂၄ရက်နေ့က ဥရောပ လောလောလတ်လတ်ရင်ဆိုင်နေရသည့် ရွှေ့ပြောင်းအခြေချ အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရာတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်ကြီး၏ အဆိုးရွားဆုံး ဒုက္ခသည်အကျပ်အတည်းကို ဖြစ်ပွားစေသည့်အတွက် မိစ္ဆာအင်ပါယာ အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိသည်ဟု ပြစ်တင်ရှုတ်ချလိုက်သည်။

ရှည်လျားလှသည့် ပြောဆိုချက်များထဲတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သည်းခံနိုင်ဖွယ်မရှိသော ပြုံယမ်း၏ လူ့အခွင့်အရေးမှတ်တမ်းများကို ဝေဖန်မှုကို ဆန့်ကျင်ပယ်ချလိုက်ပြီး အမှန်တကယ် ဝိုင်းဝန်းပြစ်တင်ရှုတ်ချသင့်သည်မှာ ဝါရှင်တန်သာဖြစ်ကြောင်း စောဒကတက်ခဲ့သည်။

''အမေရိကန်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို ကျူးလွန်နေတဲ့ မိစ္ဆာအင်ပါယာတစ်ခုပဲ''ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြလာခဲ့သည့် ကြေညာချက်တစ်ခုတွင် အစိုးရပြောခွင့်ရအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။  

ဥပမာအနေဖြင့် ဥရောပနိုင်ငံများတွင် ခိုလှုံရာရှာဖွေနေကြသည့် ဆီးရီးယားနှင့် အာဖဂန်ကဲ့သို့သော စစ်ဇုန်များမှ သိန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချများ၏ ဒုက္ခဆင်းရဲကို ထောက်ပြသည်။

''ဒီကနေ့ ဥရောပတစ်လွှားက ဒုက္ခသည်ပြဿနာကို ဖြစ်ပွားစေခဲ့တာဟာ အမေရိကန်ပါ။ အမေရိကန်က အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီထူထောင်ရေးဆိုတဲ့ အကြောင်းပြချက်တွေနတဲ့ အာဖဂန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ကမ္ဘာ့ တခြားအစိတ်အပိုင်းတွေမှာ စစ်တိုက်ခဲ့၊ ပြည်တွင်းစစ်တွေကို မွေးဖွားပေးခဲ့လို့ ဒုက္ခသည်တွေ ဒီရေအလား တိုးပွားလာခဲ့တာပါ''ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းပြောကြားခဲ့သည်။

ဤကြေညာချက်မှာ မကြာသေးမီက ဂျနီဗာ လူ့အခွင့်အရေးကောင်စီတွင် မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဆွေးနွေးမှုကို တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။

ယမန်နှစ်ကုလကော်မရှင်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် မြောက်ကိုရီးယားမှာ ခေတ်ပြိုင်ကမ္ဘာတွင် ပြိုင်ဘက်မရှိလောက်အောင်ပင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly