အိုဘားမားမှာ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီပြောကြား

အိုဘားမားမှာ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီပြောကြား

ဝါရှင်တန်၊ စက်တင်ဘာ-၂၄ ။          ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ပထမဆုံး အမေရိကန် အလည်အပတ်ခရီးကို သမ္မတ၏ ကိုင်တွယ်ပုံကို ဝေဖန်ထိုးနှက်ရာတွင် အာကင်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီက သမ္မတ ဘားရက်အိုဘားမားသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၂ရက်နေ့က Newsmax ရုပ်သံ၏ The Hard Line အစီအစဉ်တွင် မွတ်စလင်တစ်ယောက်မှာ အမေရိကန်ပြည်ထောင်စု၏ သမ္မတမဖြစ်သင့်ဟူသော ဘင်ကာဆန်၏ မှတ်ချက်စကားအပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် မိုက် ဟက္ကာဘီက သမ္မတရာထူးအတွက် ဘာသာရေးဆိုင်ရာ စစ်ဆေးမှုမရှိကြောင်း ပြောကြားရင်း အိုဘားမားနှင့် ပတ်သက်သော မှတ်ချက်အကြောင်းသို့ ရောက်ရှိသွားခဲ့ သည်။

''လူပုဂ္ဂိုလ်တစ်ယောက် ဘာကို ယုံကြည်ကိုးကွယ်သလဲဆိုတာ ကျနော် သိပ်ဂရုမစိုက်ပါဘူး။ သူတို့ရဲ့ ယုံကြည်ချက်အစစ်အမှန်နဲ့ အဲဒီယုံကြည်ချက်က သူတို့ရဲ့ နိုင်ငံရေးမှာ ဘယ်လို ပြုပြင်စီရင်နေသလဲ ဆိုတာကိုပဲ ကျနော် စိတ်ဝင်စားပါတယ်။

လူတစ်ယောက်က သူ့ကိုယ်သူ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေပြီး ခရစ်ယာန်ပါလို့ပြောနေပေမယ့် ခရစ်ယာန်တစ်ယောက် လုပ်နိုင်ခဲတဲ့အလုပ်တွေကို လုပ်နေတာကျ ကျနော် ဂရုစိုက်ပါတယ်''ဟု ဟက္ကာဘီက ပြောကြားခဲ့သည်။

''ကျနော် ခရစ်ယာန်ပါလို့ပြောပြီး ပုပ်ရဟန်းမင်းကြီးကို သင့်အိမ်ကို ဖိတ်မယ်။ ပြီးတော့ ကက်သိုလစ်ပေါ်လစီတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ လူတစ်သိုက်ကိုလည်း ဖိတ်မယ်ဆိုရင်တော့ ဒါဟာ လုံးဝမသင့်တော်ဘူးလို့ ထင်တာကြောင့် ကျနော် စိတ်ပျက်မိပါတယ်''ဟုလည်း အာကင်ဆတ် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဟက္ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဒေါ်နယ်ထရန့်၏ မဲဆွယ်ပွဲတစ်ခုတွင် ထောက်ခံသူတစ်ဦးက သမ္မတအိုဘားမားမှာ မွတ်စလင်တစ်ယောက်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသားတစ်ယောက် မဟုတ်ကြောင်း ပြောကြားခဲ့သည့်နောက်ပိုင်းတွင် အိုဘားမား၏ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်လာခဲ့ကြသည်။

ထို့အပြင် ဘင် ကာဆန်က NBC၏ Meet the Press အစီအစဉ်တွင် မွတ်စလင်တစ်ယောက်မှာ အမေရိကန်သမ္မတမဖြစ်သင့်ဟု ပြောကြားလိုက်သည့်အခါတွင် ငြင်းခုန်မှုများမှာ ပိုမိုကျယ်ပြန့် အရှိန်မြင့်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly