ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြော

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြော

ပေကျင်း၊ စက်တင်ဘာ -၂၄ ။         ။ တရုတ်နိုင်ငံ၏ အထင်ကရ အစိုးရကို ဝေဖန်သူနှင့် လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူ ရှေ့နေဖြစ်သည့် ကောက်ကျီရှန်းက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ် တစ်ကိုယ်တည်း တိုက်ပိတ်ထားပြီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောကြားလာခဲ့သည်။ အသက် ၅၁နှစ်အရွယ်ရှိ ကောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နိုဘဲငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသူ မစ္စတာကောက်မှာ ခံစားမှုမဲ့နေခဲ့ပြီး၊ အခြခံအားဖြင့် သိစိတ်လည်းကင်းလွတ်နေကာ အာဟာရချို့တဲ့မှုကြောင့် သွားများလည်း ကျိုးပဲ့ကုန်ခဲ့သည်ဟု ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။

မစ္စတာကောက်က ၅နှစ်အတွင် ပထမဆုံးအင်တာဗျူးတွင် အေပီသတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

မျက်နှာကို လျှပ်စစ်တုတ်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာကောက်မှာ Falun Gong လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် တရုတ်ခရစ်ယာန်များကို ရပ်ခံကာကွယ်မှုဖြင့် လူသိများသည်။

''ကျနော်တို့ ထောင်ထဲက အသက်ရှင်လျှက် ပြန်ထွက်လာတဲ့အကြိမ်တိုင်းဟာ ကျနော်တို့ရဲ့ ရန်သူတွေအတွက် ရှုံးနိမ့်မှုပါပဲ''ဟု မစ္စတာကောက်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ကံမကောင်းအကြောင်းမလှစွာပင် တရုတ်အစိုးရ၏ တရုတ်တရားခံရှေ့နေများအပေါ် ဖြိုခွဲမှုမှာ ကောက်ကျီရှင်းကို ထောင်မှ လွတ်ပေးရုံမျှနှင့် အဆုံးသတ်သွားသည်တော့မဟုတ်ပါ။ မစ္စတာကောက် အနှိပ်စက်ခံရမှုမှာ ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုကြီးတစ်ခု၏ အစသာလျှင် ဖြစ်ပါသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ ပြောကြားချက်အရ ဇူလိုင်လအစောပိုင်းမှစတင်ကာ တရုတ်ရှေ့နေ ၂၄၅ယောက်ကို ရဲက ပစ်မှတ်ထားလာခဲ့ပြီး အယောက်၃၀ခန့်မှာ ပျောက်ဆုံးနေဆဲ (သို့မဟုတ်) ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲပင် ဖြစ်ပါသည်။ ထိုအရေအတွက်ထဲတွင် ၂၀၁၄ခုနှစ် မေလက ဖမ်းဆီးခံခဲ့ရပြီး ယခုတိုင် အမှု ရင်မဆိုင်ရသေးသည့် ဖူကျီကျင်းလို ထိပ်တန်းရှေ့နေများ မပါဝင်သေးပါ။

ဖမ်းဆီးထိန်းသိမ်းခံရသည့် ရှေ့နေအများစုမှာ ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်သည့် စစ်ကြောမှုကာလကို ဖြတ်သန်းကြရပြီး မိသားစုများမှာလည်း ခြိမ်းခြောက်ခံကြရကာ နေအိမ်နှင့် ရုံးများလည်း စီးနင်းမွှေနှောက်ခံကြရသည်။ အချို့ဆိုလျှင် အကြမ်းဖက် ရိုက်နှက်ခံကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly