ရွေးကောက်ပွဲ အလှမ်းဝေးသလား

ရွေးကောက်ပွဲ အလှမ်းဝေးသလား

အကြော်စုံ လေးငါးခုကို စာရွက်တစ်ရွက်ဖြင့် ထုတ်ပြီး ဒေါ်ကောက်က ဝယ်သူကို လှမ်းပေးလိုက်သည်။ အကြော်ထုတ်ထားသည့် စာရွက်မှာ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦး၏ မဲဆွယ်စည်းရုံးသည့် လက်ကမ်းကြော်ငြာ ဖြစ်နေသည်။

“ အခုဆို ကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံတွေနဲ့ စာရွက်တွေ အများကြီး ဝေတယ်။ များများ တောင်း ထားလိုက်တယ်။ မီးလည်း မွှေးလို့ ရတယ်။ အကြော်လည်း ထုတ်ပေးလို့ ရတယ်” ဟု မဲဆွယ် စည်းရုံးသည့် လက်ကမ်းစာစောင်ဖြင့် အကြော်ထုတ်၍ လှမ်းပေးလိုက်ရင်း ဒေါ်ကောက်က ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သူရဲတပ်ရပ်ကွက်ထိပ်တွင် အကြော်ရောင်းနေသည့် ဒေါ်ကောက်က ထမင်းစားဖို့ပင် အနိုင်နိုင် ဖြစ်နေသည့် အချိန်တွင် မဲစာရင်း ကြည့်ရန်လည်း စိတ်ဝင်စားမှု မရှိဟု ဆိုလိုက်သည်။

ဒေါ်ကောက် အကြော်ရောင်းလာသည်မှာ ဆယ်စုနှစ် နှစ်စုကျော်ခဲ့ပြီ ဖြစ်သလို အိမ်ထောင်ဘက် မရှိ တော့သည့်အတွက် မိသားစု ၇ ဦး၏ စားဝတ်နေရေးကို ကိုယ်တိုင် ရုန်းကန်ရင်း အလျင်မီအောင် လုပ်ကိုင်ရှာဖွေ နေရသည်ကြောင့် အခြားအကြောင်းအရာများ အတွေးထဲ၌မရှိဟုလည်း ဒေါ်ကောက်က ဆိုသည်။ နံနက်လင်း သည်နှင့် သားသမီးများ ထမင်းနပ်မှန်ဖို့အရေးကိုပင် အမြဲတမ်း တွေးနေခဲ့ရသည်ဟုလည်း ဆိုသည်။

သူ့ အမျိုးသား သေဆုံးချိန်မှစ၍ အကြော်ရောင်းကာ ဝင်ငွေရှာပြီး လေဖြတ်နေသည့် သားအကြီးကောင် အပါအဝင် သားသမီးများကို ရှာဖွေကျွေးမွေးနေခြင်း ဖြစ်ကာ တက္ကသိုလ်တက်နေသည့် သားသမီးများလည်း ရှိနေသေးသည်။

ဒေါ်ကောက်က မဲစာရင်းကိုလည်း စိတ်မဝင်စား၊ ပါတီ စည်းရုံးရေးများကိုလည်း စိတ်ဝင်စားမှု မရှိ သော်လည်း ရွေးကောက်ပွဲအတွက် အသိပညာပေး လက်ကမ်းစာရွက်များ လာဝေလျှင်တော့ များများ တောင်းတတ်သည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲစာရင်းများ စစ်ဆေးရန် လိုကြောင်း ၊ မဲပေးရန် လိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများက တိုက်တွန်းနှိုးဆော် ပညာပေးခြင်းများ ပြုလုပ်နေသော်လည်း မန္တလေးတိုင်းအတွင်းရှိ သာမန်လူတန်း စားအချို့ကမူ စိတ်ဝင်စားမှု အားနည်းသည်ဟု တိုင်းရွေးကောက်ပွဲ ကော်မရှင်နှင့် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် International Foundation for Electoral System(IFES) က ၂၀၁၅ ခုနှစ် ဧပြီနှင့် မေလများတွင် ကောက်ခံထား သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုအမြင့်ဆုံး လူဦးရေမှာ ၃၆ ရာခိုင်နှုန်းရှိပြီး စိတ်ဝင်စားမှု ရှိသူ ၃၂ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲကို အာရုံထားသူ ၁၃ ရာခိုင်နှုန်းနှင့် လုံး၀ စိတ်မဝင်စားသူ ၁၉ ရာခိုင်နှုန်း ရှိ သည်ဟု သိရသည်။

အဆိုပါ စစ်တမ်းတွင်ပင်  ရွေးကောက်ပွဲ မတိုင်ခင် သုံးလအလို၌ စိတ်ဝင်စားမှု ရှိနိုင်သည့် လူဦးရေ စာရင်းကိုလည်း ကောက်ယူထားရာ အမျိုးသမီး ၄၀ ရာခိုင်နှုန်းနှင့် အမျိုးသား ၅၀ ရာခိုင်နှုန်းတို့မှာ စိတ်ဝင်စား ကြောင်း ဖော်ပြထားသည်။ အဆိုပါ စစ်တမ်းကို ပြည်နယ်ခုနစ်ခုတွင် မှတ်တမ်း ကောက်ယူပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တမ်း ခြုံငုံ ကောက်ယူထားခြင်းဖြစ်သည်။

မန္တလေးတိုင်း မြို့နယ်အချို့မှ အခြေခံလူတန်းစား ၁၀ ဦးကျော်ကို မေးမြန်းကြည့်ရာ အားလုံးလိုလိုက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း တွေ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စိတ်ပါဝင်စားစွာ မဲပေးသူ အချို့ပင် ယခု ရွေးကောက်ပွဲအတွက် တက်ကြွမှု မရှိသည်ကိုလည်း တွေ့ရသည်။

သူရဲတပ်ရပ်ကွက်ရှိ အမှတ် ၂ ရဲစခန်းရှေ့တွင် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ရှင် ကိုမင်းမင်းကလည်း “ဒီလိုပဲ ၂၀၁၀ တုန်းကလည်းလာပြီး မက်လုံးတွေနဲ့ အခုလိုပဲ လုပ်တယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ယုံကြည် ပြီး မဲပေးခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ရပ်ကွက်အတွက် ဘာမှ လုပ်ပေးတာ မရှိဘူး။ ယောင်လို့ တောင် လှည့်မကြည့်ပါဘူး။ “ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ထမင်း ကိုယ်ရှာစားမှ ရမယ်။ဘယ်သူ့ကိုမှ မဲပေးဖို့ အစီအစဉ်မရှိဘူး” ဟု ဆိုလိုက်သည်။

မန္တလေး အခြေစိုက် အထက်မြန်မာပြည် ကိုယ်စားပြုမည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ရက် က ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ကို အခြေပြု ကာရွေးကောက်ပွဲ ဆိုင်ရာ စစ်တမ်းများ ကောက်ယူထားရာ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်က စိတ်ဝင်စားမှု မရှိကြောင်း တွေ့ရသည်ဟု  စစ်တမ်းကို ဦးဆောင် ကောက်ယူနေသူ ဦးခင်မောင်ထွန်း က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲပေးနိုင်သူဦးရေ ၄၁ သိန်း ရှိနေပြီး ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ကွန်ရက်မှ မြို့နယ် ခုနစ်မြို့နယ်ကို အခြေခံ ကောက်ယူခြင်း ဖြစ်ကာ လက်ရှိတွင် သုံးမြို့နယ် ကောက်ယူပြီးစီးပြီ ဖြစ်သည်။

အခြေခံလူတန်းစား အများစု နေထိုင်သည့် ရပ်ကွက်အတော်များများသည် ရွေးကောက်ပွဲကို စိတ်ဝင်စား မှုမရှိဘဲ နိုင်ငံရေးနှင့် ဆက်စပ်သည်ဟု ယူဆလျှင် အန္တရာယ်မကင်းနိုင်ဆိုသည့် အကြောက် တရားများ ရင်ထဲ ကိန်းအောင်းနေကြကာ နားလည်အောင် လုပ်ပေးရန် မလွယ်ဟုလည်း အထက်မြန်မာပြည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ရက်မှ အသိပညာပြန့်ပွားရေးအဖွဲ့ ဦးဆောင်သူ ဦးညီညီကျော် က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေးမှုများ၊ မဲစာရင်းလာရောက်ကြည့်ရှုရန် လှုံ့ဆော်မှုများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် အဆင့်ဆင့် ပြုလုပ်ပေးသော်လည်း စိတ်ဝင်စားမှု အားနည်းသည်ဟု  အဆိုပါအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ် က ဆိုသည်။

“ အခု ဒုတိယအကြိမ်မှာတော့ သိသိသာသာ ပြည်သူတွေ စိတ်ဝင်စားလာတာ တွေ့ရပါတယ်” ဟုလည်း သူက ပြောသည်။ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော 2015 Myanmar Asian Barometer Survey(ABS) စစ်တမ်း အရမူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သုံးပုံတစ်ပုံထက် အနည်းငယ်ကျော်လွန်သော ပမာဏကသာ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ကြပြီး အရှေ့အာရှနိုင်ငံများတွင် ယုံကြည်မှုအနည်းဆုံး ဖြစ်သည်ဟု ဖော်ပြ ထားသည်။

ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုကို ရွေးကောက်ပွဲ ကာလမတိုင်ခင်အထိ ပြုလုပ်သွားရန် လိုသည်ဟု လည်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကလည်း ဆိုသည်။

ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ တက်ကြွပြီး စိတ်ဝင်စားသူ အခြေခံလူတန်းစားများ ရှိသော်လည်း ၎င်းတို့မှာ နိုင်ငံရေးပါတီ တစ်ခုခုနှင့် နီးစပ်သူများ ဖြစ်လေ့ရှိတတ်ကြောင်း မေးမြန်းချက်များအရ တွေ့ရှိရသည်။

မန္တလေးတိုင်း အမှတ်(၇)ယာဉ်လိုင်းမှ ယာဉ်မှူးကိုသန်းနိုင်ဦးက“ကျွန်တော်တို့ဘ၀ ပြောင်းလဲဖို့ ဒီအချိန်က အခွင့်အရေးပဲ။ မဲစာရင်း ကပ်တာနဲ့ ပြေးကြည့်တယ်။ ပါတယ်” ဟု ဆိုသည်။ သူက နိုင်ငံရေးပါတီ ဝင်တစ်ဦး ဖြစ်သည်။

အောင်ကျော်ဆန်း ပုံနှိပ်တိုက်ပိုင်ရှင် ကိုကျော်စွာကမူ “ကျွန်တော်ကတော့ ဘယ်သူမှ မဲမပေးဘူး။ ဘာဖြစ် လို့လဲ ဆိုရင် ဒီရွေးကောက်ပွဲကို မယုံလို့ပဲ” ဟုပြောသည်။ အရပ်ဘက်လူမှု အဖွဲ့အစည်းများ မှရွေးကောက်ပွဲ အသိပညာပေးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်း ကြောင့် ပြည်သူလူထုအချို့ စိတ်ဝင်စားမှု ရှိလာပြီး ပိုမိုစိတ်ဝင်စားမှု ရှိလာစေရန် လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲ ပညာပေးရေးများ လုပ်ဆောင်နေသည့် နိုင်ငံရေးအင်အားစု(မန္တလေး)မှ ဒေါ်သင်းနွဲ့နွဲ့ဖေက ဆိုသည်။

အခြေခံ လူတန်းစားများက နေ့စဉ်ရုန်းကန်နေရမှုများကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်း သောကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက  ရပ်ကွက်များထဲအထိ ဆင်း၍ ပညာပေးမှုများ ပြုလုပ်နေရ သည်ဟု Civil Society Organizations မှ ဒေါ်ခင်မျိုးအေးကလည်း ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူဦးရေ ခြောက်သန်းကျော်ရှိပြီး အမျိုးသားဦးရေ သုံးသန်း နီးပါးနှင့် အမျိုးသမီးဦးရေ သုံးသန်းနှစ်သိန်းကျော် ရှိသည်။  ထိုအထဲမှ အလုပ်လက်မဲ့လူဦးရေမှာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်ဟု ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ထားသော သန်းခေါင်စာရင်းအရ သိရသည်။

သို့သော်လည်း အခြေခံလူတန်းစားများမှာမူ လာမည့်ရွေးကောက်ပွဲကို ထမင်းတစ်နပ်လောက် စိတ်ဝင်စားမှုမရှိဟုလည်း ဒေါ်ကောက်က ဆီအိုးထဲမှ အကြော်များကို ဆယ်ရင်း ပြောလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags