အမျိုးသားတွေရဲ့ ဝိုင်းဝန်း ကူညီမှုတွေ လိုမယ်

အမျိုးသားတွေရဲ့ ဝိုင်းဝန်း ကူညီမှုတွေ လိုမယ်

မချယ်ရီဇာဟောင်းသည် မကွေးတိုင်း မင်းလှမြို့ ဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ကျောင်းဆရာ တာဝန်ကျရာ ဒေသများတွင် မိသားစုက လိုက်လံပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ မချယ်ရီ အထက် တန်းကျောင်း ပြီးချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်မြို့အခြေစိုက် ချင်းအမျိုးသမီး အဖွဲ့တွင် လုပ်ကိုင်ခဲ့သည်။

အသက် ၃၄ နှစ်အရွယ် မတွာလ်ကျဲရ်ဆုံခေါ် မချယ်ရီဇာဟောင်းသည် နိုဝင်ဘာ ရွေးကောက် ပွဲတွင် ချင်းတိုးတက်ရေးပါတီ (CPP) ကိုယ်စားပြုပြီး သူကြီးပြင်းနေထိုင်ရာ ဖလမ်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် အရွေးခံမည် ဖြစ်သည်။

Myanmar Now သတင်းထောက်ချုပ် သင်းလဲ့ဝင်းနှင့် မကြာသေးမီက တွေ့ဆုံစဉ် မချယ်ရီဇာ ဟောင်းက အမျိုးသမီးအရေး၊ ချင်းတောင်တန်းဒေသ၊ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့ အကြောင်း ပြောပြသည်။

လူ့အခွင့်အရေး လုပ်နေရာကနေ နိုင်ငံရေးလောကထဲကို ဘာကြောင့် ဝင်ချင်ရတာလဲ။

ကျွန်မတို့က အပြင်ဘက်မှာ လူ့အခွင့်အရေး ဆိုတာဘာလဲ၊ အခွင့်အရေးကို ဘယ်လိုမျိုး တောင်းဆိုရမလဲဆိုတဲ့ ဟာလောက်ပဲ လမ်းပြလို့ရတယ်။ လူ့အခွင့်အရေးကို အကောင်အထည် ဖော်မယ့်သူက အစိုးရလေ။ အခု အစိုးရထဲမှာလည်းပဲ သူတို့ လုပ်နေတာတွေက ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် လုပ်နေတယ်ဆိုတဲ့ ပုံစံ ရှိမနေဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း နိုင်ငံသား အခွင့်အရေးကို ထည့်ထားတာတွေ ရှိတယ်။ ကန့်သတ်ထားတာတွေလည်း ရှိတယ်။ နိုင်ငံတော် လုံခြုံရေးကို မထိဘူးဆိုရင် အဲဒီအခွင့် အရေးတွေနဲ့ မကိုက်ညီတဲ့ တချို့ဥပဒေဟောင်းတွေကို ဘယ်လိုမျိုး ဖြုတ်ချမလဲ။ ကျွန်မ အဲဒီဟာ တွေကို တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောင်းချင်တယ်။ အဲဒါတွေကြောင့် နိုင်ငံ ရေးထဲ ဝင်သွားတာ။

မချယ်ရီ ရွေးကောက်ပွဲမှာ နိုင်သွားတယ်ဆိုရင် ဘာတွေ လုပ်ချင်သလဲ။

အမျိုးသမီး လွှတ်တော်အမတ်တွေအတွက် Caucus (သဘောထား တူညီသူများ အစုအဖွဲ့) လုပ်ချင်တယ်။ အခု သူတို့ အတွင်းရေးမှူး (ဝန်ထမ်း)မရှိဘူး။ ကလေးတွေ ရန်ကုန်မှာထားခဲ့၊ ကချင် မှာထားခဲ့၊ ပဲခူးမှာ ထားခဲ့ အဲဒီလိုမျိုး လွှတ်တော်လာ တက်နေကြတာ။ တကယ်လို့များ အဲဒီ Women’s Caucus အောင်မြင်သွားတယ်ဆိုရင် အမျိုးသမီး အမတ်တွေက လွှတ်တော်တက်နေရတဲ့ အချိန်မှာ လည်းပဲ အထောက်အကူပြုမယ်၊ နယ်တွေဆင်းတဲ့အခါ ကျရင်လည်း အထောက်အကူပြုမှာပေါ့။

နောက်တစ်ခုကတော့ အမျိုးသမီး ဝန်ကြီးဌာန မရှိဘူး။ ကျွန်မရှာလို့ မရသေးတာက အမျိုးသ မီးတွေရဲ့ ဝင်ငွေက ပျမ်းမျှ ဘယ်လောက်ရှိလဲ မြန်မာနိုင်ငံမှာ၊ အလုပ်လုပ်နေတဲ့ အမျိုးသမီးက ဘယ်နှ ယောက်ရှိလဲ၊ ကျွန်မတို့ မသိဘူး။ အချက်အလက်တွေ ရှိမနေဘူး။ ချင်းပြည်နယ်မှာလည်း အမျိုးသမီး တိုင်းက တောင်ယာသွားတာပဲ၊ အလုပ်လုပ်တာပဲ။ ပြီးရင် အိမ်မှာပြန်ပြီးတော့ အိမ်တွင်းရေးကိစ္စတွေ သားသမီး ကိစ္စတွေ၊ လူမှုရေးတွေ လုပ်နေရတယ်။ မနက် ၆ နာရီ ကနေ ည ၈ နာရီ ၉ နာရီ အထိက အားတဲ့ အမျိုးသမီး မရှိဘူး။ နည်းနည်း တတ်နိုင်တဲ့ သူတွေကကျတော့ ဆိုင်ဖွင့်တယ်။ သူတို့ရဲ့ ဝင်ငွေ ကို ပျမ်းမျှ တွက်လို့ရတယ်။ အိမ်မှာ အလုပ်လုပ်နေတဲ့သူ၊ တောင်ယာမှာ အလုပ်လုပ်နေတဲ့ သူတွေရဲ့ ဝင်ငွေတွေက ဘယ်လိုမှ တွက်လို့မရဘူး။

တွက်လို့မရတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက မရှိဘူးလို့ပဲ လူတွေက ထင်ကြတာ ပေါ့။

ဟုတ်တယ်။ အမျိုးသမီးက အိမ်တွင်းအလုပ် လုပ်နေတယ်၊ သူဝင်ငွေရှိအောင် ကျွန်မတို့ ဘယ် လို ဝိုင်းလုပ်ကြမလဲ။ အဲဒါတွေကို အလုပ်သမားဌာနမှာပဲ ဆွေးနွေးရမှာလား၊ ဘယ်မှာ သွားဆွေးနွေး မှာလဲ။ အဲဒါကြောင့် ကျွန်မ တိုက်တွန်းချင်တာက အမျိုးသမီး ဝန်ကြီးဌာန။ အခုဝန်ကြီးဌာန ၃၆ ခု ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေကိစ္စကို ဆွေးနွေးရမယ့် နေရာက ရှိမနေဘူး။

ဒါတွေ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အမျိုးသားတွေကိုလည်းပဲ အများကြီး တိုက် တွန်းရဦးမှာ။ အဲဒါတွေက ကျွန်မ ရွေးကောက်ခံရရင် ပထမ လွှတ်တော်ထဲမှာတော့ ထည့်ဆွေးနွေး ရမှာ ဆိုတော့လေ၊ မိတ်ဆွေတွေ လိုက်ဖွဲ့ရဦးမယ်။ ၂၅ ရာခိုင်နှုန်း ထိုင်နေတဲ့ လူတွေရယ်၊ ပါတီအ သီးသီးက တက်လာမယ့် လွှတ်တော်အမတ် အမျိုးသားတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုမယ်။ အမျိုး သမီးထုရဲ့ ဝင်ငွေသာ တိုးမြင့်အောင် လုပ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးက သိသိသာသာ အများကြီး တိုးတတ် လာလိမ့်မယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၅ နဲ့ ဘာတွေ ကွာခြားတယ်လို့ မြင်လဲ။

အများကြီး ကွာတယ်။ ၂ဝ၁ဝ မှာကျတော့ ကြံ့ခိုင်ရေးကလွဲရင် ကျန်တဲ့ပါတီ အသေးလေးတွေ က ဟိုဟာလုပ်လို့မရ ဒီဟာသွားလို့မရ၊ ကန့်သတ်တာတွေ အများကြီး ရှိခဲ့တယ်။ အခုလည်း အခက် အခဲတော့ ရှိပေမယ့် နည်းနည်းပိုပြီး လွတ်လပ်တယ်။ ဥပဒေတွေလည်း ထွက်လာပြီးပြီ။ NLD ပဲဖြစ် ဖြစ်၊ ကြံ့ခိုင်ရေးပဲ ဖြစ်ဖြစ်၊ ချင်းပဲ ဖြစ်ဖြစ် အဲဒီသတ်မှတ်ထားတဲ့ ဥပဒေတွေ အကုန်လုံးက ကိုယ်တွေနဲ့ သက်ဆိုင်တဲ့ဟာ။ ဥပမာ အမုန်းစကား မလုပ်ရဘူး၊ လူမျိုးဘာသာကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေး မ လုပ်ရဘူး၊ မိဘနှစ်ပါးက နိုင်ငံသား ဖြစ်ရမယ်တို့။ ၂ဝ၁ဝ မှာတော့ အမတ်လောင်းရဲ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် ဧည့်နိုင်ငံသား ဖြစ်နေရင်လည်းပဲ စစ်ကြည့်တဲ့ စနစ်က ရှိမနေဘူး။

နောက်တစ်ခုကတော့ ပါတီက အရမ်းများလာတယ်လေ။ ၂ဝ၁ဝ တုန်းက ကျွန်မတို့ ပါတီဆို ရင် အမတ်လောင်းဖြစ်ဖို့အတွက် လူကို မနည်း လိုက်ရှာရတာ။ အဲဒီတုန်းက ဒို့တွေ ရွေးကောက်ပွဲ ပြီးတာနဲ့ ၁၉၉ဝ တုန်းကလိုမျိုးပဲ အကုန်လုံး အသိမ်းခံရမယ်လို့ သူတို့ထင်တာ။

နောက် မီဒီယာတွေက ပိုပြီးတော့ များတယ်။ ဒီဖလမ်းမှာဆိုရင် ဖလမ်းဘာသာနဲ့ နှစ်မျက်နှာ သတင်းစာလေးတွေ ရှိတယ်။ မြို့နယ်အလိုက် မီဒီယာတွေကလည်း များလာတယ်ဆိုတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ ပြည်သူလူထုက ပိုပြီးသိရတာပေါ့။

ဖလမ်းမှာ ပြည်ခိုင်ဖြိုးနဲ့  NLD လိုမျိုး ပါတီအကြီးကြီးတွေလည်း ဝင်ပြိုင်မယ် ဆိုတော့ ကိုယ့်အ တွက်  အခွင့်အလမ်း ဘယ်လောက် ရှိမယ်လို့ ထင်လဲ။

အဲဒီ ၄ ယောက်ထဲမှာ အမျိုးသမီးက ကျွန်မ တစ်ယောက်တည်း။ တော်တော်များများက အခု ဖလမ်းမြို့နယ်မှာဆိုရင် ဒို့အမျိုးသမီးတစ်ယောက် အားပေးကြမယ်ဆိုတဲ့ ပုံစံမျိုး။ ရွာတွေ တော်တော် များများက ကျွန်မကို သိတယ်လေ။ လူသာ မမြင်ဖူးတာ၊ ရေဒီယိုမှာ ခဏခဏ နားထောင်ဖူးတယ်။ သင်တန်း ပေးတာလာတဲ့သူတွေ ရှိတယ်။ ပြီးရင် ကျွန်မတို့လုပ်ခဲ့တဲ့ ပရောဂျက်တွေ၊ ကလေးတွေ အတွက် စာအုပ်တွေ ဝယ်ပေးတာမျိုးတွေ၊ ကျောင်းဆရာ ငှားပေးတာမျိုးတွေ၊ အမျိုးသမီး အဖွဲ့အစည်း ထဲမှာတုန်းက လုပ်ခဲ့တာတွေက ရွာတိုင်းလိုလိုမှာ သိနေကြတယ်။ ပြိုင်ဘက် ၃ ယောက်စလုံးက ဝန်ထမ်းဟောင်းတွေ။ အားတော့ စိုက်ရမယ်။ သတိလွတ်သွားလို့ မရဘူး။

ငယ်ငယ်တုန်းကတည်းက ဒီလိုမျိုး လုပ်ချင်ခဲ့တဲ့စိတ် ရှိခဲ့တာလား။

ငယ်ငယ်ကတည်းက နိုင်ငံရေးထဲမှာ တော်တော် စိတ်က ရှိနေတယ်။ အဘိုးက ရွာသူကြီး တောက်လျှောက် လုပ်လာခဲ့တာဆိုတော့ အိမ်မှာ အစည်းအဝေးတွေ အမြဲတမ်း ထိုင်တယ်လေ၊ ခိုးမှုကစလို့ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ၊ ရွာတံတား၊ ရွာကျောင်း၊ တစ်မိသားစုနဲ့ တစ်မိသားစု ရန်ဖြစ်တဲ့ ကိစ္စတွေကြား နေရတဲ့ အခါကျတော့ ဒီလူထုရဲ့ အထွေထွေ လိုအပ်ချက်တွေကို ကိုယ်က တစ်နေ့နေ့ လုပ်ဖို့ လိုလိမ့်မယ်ဆိုတဲ့ အသိရတယ်။ ပြီးတော့သူက အများကြီး ပုံပြင်တွေ ပြောထားတာ တွေ ရှိတယ်လေ။ ချင်းဆိုတာ ဘယ်သူလဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတဲ့ အခါကျတော့ လူမျိုးတစ်မျိုးက ဘာဖြစ်လို့ ဒီလိုနောက်ဆုတ် နေရတာလဲ ဆိုတဲ့ ဟာမျိုးတွေပေါ့။

ချင်းပြည်နယ်က အားလုံးထဲမှာ အနွမ်းပါးဆုံး၊ အဆင်းရဲဆုံးလို့ ပြောကြတော့ မချယ်ရီ အရွေး ခံရမယ်၊ ဒါမှမဟုတ်ရင် ပါတီထဲက အများကြီး အရွေးခံရမယ် ဆိုရင် ဘာတွေ လုပ်ချင်လဲ။

ချင်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုက ၇၃ ရာခိုင်နှုန်း။ အရမ်းမြင့်တယ်။ UNDP ၂ဝ၁၁ မှာ လုပ်ထားတဲ့ သူတို့ရဲ့ စာတမ်းအရပေါ့နော်။ အယောက် ၁ဝဝ မှာ ၇၃ ယောက်က တစ်နေ့မှာ ဝင်ငွေ ကျပ် ၂,ဝဝဝ မရှိဘူးဆိုတော့ အခြေအနေ တော်တော်ဆိုးတယ်။ လမ်းပန်း ဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံး လွန်ခဲ့တဲ့ ၅ နှစ်က သုညကနေ ပြန်စရတဲ့ သဘောမျိုး။ ကျွန်မတို့ နှစ်ရှည် စိုက်ပျိုးရေးတွေ လုပ်ဖို့လိုတယ်။ ဥပမာ ပန်းသီး၊ ထောပတ်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကော်ဖီ၊ အမြတ်အမြန်ပေါ်နိုင်သော သီးနှံတွေ။ တရုတ်ကနေ သွင်းစရာမလိုဘူး။

ချင်းပြည်နယ်ကနေ အကုန်လုံး တစ်နိုင်ငံလုံးကို သွင်းလို့ရတယ်။ ရင်းနှီး မြှုပ်နှံခြင်းတော့ လုပ်ရမယ်။ အဲဒီဟာတွေ စောင့်ဖို့အတွက်က သုံးလေးငါးနှစ် ဆိုတော့ အဲဒီငါးနှစ် အတောအတွင်းမှာ လူတွေရဲ့ စားဝတ်နေရေး အတွက်ကို ဘယ်လို စီစဉ်မလဲ။ အခု ကျွန်မတို့အဆိုတင်သွင်းထားတာက တော့ ဆန်ဂိုဒေါင် လုပ်ဖို့အတွက်။ ချင်းပြည်နယ်မှာ ဆန်ဂိုထောင် မရှိတဲ့ အခါကျတော့ လူတွေက ဆန်နဲ့ ပြောင်းဖူး ဒီနှစ်စိုက်မယ် နောက်နှစ် (စားဖို့) အတွက်။ အဲဒီဟာနဲ့ပဲ လူတွေက အသက်ရှင်နေ တာ။ အဲဒီအပင်ကို နှစ်ရှည်အတွက်ကို ဘယ်လို စိုက်ရမလဲ၊ ဘယ်လို ထိန်းသိမ်းရမလဲ၊ အဲဒီကြားထဲ မှာ ကိုယ်က ဘာစားမလဲ။ အဲဒီငါးနှစ် ဆယ်နှစ်အတွင်းမှာ ဆန်ဂိုဒေါင်တော့ ရှိဖို့လိုတယ်။

မချယ်ရီက လူငယ်လည်း ဖြစ်၊ အမျိုးသမီးလည်း ဖြစ်၊ လူနည်းစု တိုင်းရင်းသားလည်း ဖြစ်နေတဲ့ အတွက် ဘယ်လို အခက်အခဲမျိုးတွေ တွေ့ရသလဲ။

ပါတီထဲမှာတော့ နိုင်ငံရေး အထောက်အပံ့က ရာနှုန်းပြည့် ရှိတယ်။ ပါတီထဲမှာ လူကြီးတွေ ကိုယ့်အဖေအရွယ်တွေ၊ အဘိုးအရွယ်တွေ၊ အစ်ကိုအရွယ်တွေနဲ့ ပေါင်းလုပ်တဲ့ အချိန်မှာလည်းပဲ သူတို့က အားကိုးတယ်။ သွက်သွက်လက်လက် ရှိတယ်၊ ငယ်ငယ်လေးနဲ့ ဒီနိုင်ငံရေးထဲမှာ၊ ဒီလူ့အ ခွင့်အရေးထဲမှာ နစ်မြှုပ်နေတော့ အဲဒီရဲ့ အတွေ့အကြုံကို သူတို့ အသိအမှတ် ပြုပေးတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ (အမျိုးသမီးနဲ့၊ အမျိုးသား အပေါ်မှာထားတဲ့) စနစ်မျိုးရှိတယ်။ လုပ်ရည်ကိုင်ရည်ရှိနေတဲ့ အမျိုးသမီးတွေ ဖြစ်လာအောင် ဖန်တီးပေးတဲ့ စနစ်က လုံးဝမရှိဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရုန်းကန် နေရတာပဲ။ အမျိုးသမီး တစ်ယောက်ကို ဒီလိုဒီလို သင်ပေးမယ်၊ အားပေးမယ်ဆိုရင် ဖြစ်လာနိုင်မယ် ဆိုတဲ့ဟာ မိဘတွေမှာလည်း မရှိဘူး၊ ကျောင်းမှာလည်း မရှိဘူး၊ ဘုရားကျောင်းမှာလည်း မရှိဘူး။ လူမှုကွန်ရက် တစ်ခုလုံးမှာ မရှိဘူး။

ကျွန်မ အဲဒါကြောင့် ခဏခဏ ပြောနေတယ်။ ကျွန်မအဖေသာ မရှိဘူးဆိုရင် ကျွန်မ ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ အဖေ ဘောလုံးကန်သွားရင် လိုက်သွားတာ၊ ဘောလုံးသမားတွေနဲ့ အတူတူ ထိုင်တာပဲ။ ဘုရားကျောင်းမှာ တရားဟောရင်လည်းပဲ ရှေ့မှာ အဖေနဲ့ ဝင်ထိုင်နေရတာပဲ၊ အဲဒီလိုမျိုး အဖေက သွန်သင်ပေးတော့ သမီးဖြစ်နေတဲ့ အတွက်ကြောင့် ရှက်ရမယ်၊ ကြောက်ရမယ် မသင်ပေး ထားဘူး၊ လုပ်နိုင်တယ်ပဲ။

အမျိုးသမီး တော်တော်များများက အဲဒီလို မဟုတ်ဘူးလေ၊ မိသားစု ကိုယ်တိုင်ကလည်း သမီး အိမ်မှာပဲနေ၊ ဒါမပြောနဲ့၊ ဒီလိုမလုပ်နဲ့၊ အဲဒီလိုမျိုးနဲ့ ၂ နှစ်လောက် အရွယ်ကတည်းက သွင်းထားတော့ သူတို့အတွက်က ရှေ့ထွက်လာဖို့ ခက်သွားတာပေါ့။

ကိုယ်က အိမ်ထောင်မရှိ၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ဖြစ်နေတော့ သိက္ခာကျအောင် ပြောတာ မျိုးတွေတော့ ခဏခဏ ခံနေရတယ်။ ဥပမာ - ဗိုက်ကြီးတယ်၊ ကလေး ဖျက်ချတယ်၊ ဒီလူနဲ့ ဒီလူဖြစ် တယ် စသဖြင့် စွပ်စွဲခံနေရတာနဲ့။ ဖလမ်းမှာ ကျွန်မ တစ်ယောက်တည်း နေတယ်၊ အိမ်မှာ လာလည် တဲ့သူတွေ၊ အဖိုးကြီးတွေ၊ အဖွားကြီးတွေ၊ ပြီးရင် လူငယ်တွေ လာလည်တယ်၊ အလုပ်ကိစ္စပဲ။ အဲဒါမျိုးဆိုရင် “ဟိုမှာ လူပျိုနှစ်ယောက် အိမ်ကို ဝင်သွားတယ်” ဆိုပြီး သံသယဖြစ်အောင်ကို ပြောချင်တဲ့သူတွေ က ရှိတယ်။

နောက်တစ်ခုကတော့ ဝတ်စားဆင်ယင်မှု။ ဥပမာ ထမီပဲ ဝတ်ရမယ်တို့၊ တချို့လူတွေရဲ့ စိတ်ထဲမှာ အဲဒါမျိုးတွေက ရှိသေးတယ်။ အထူးသဖြင့် ချင်းပြည်နယ်လိုမျိုးမှာ ဆိုရင် ထမီတစ်ချိန်လုံး ဝတ်လို့မရဘူး။ ရွံ့ဗွက်တွေ ကြားထဲမှာ သွားနေရတာ။

CPP  က ဘယ်သူတွေနဲ့ မဟာမိတ် လုပ်ထားလဲ။

ချင်းပြည်နယ်အတွက်၊ ချင်းလူမျိုးထုအတွက် ကောင်းတာ လုပ်ချင်တဲ့သူဆိုရင် တပ်မတော် ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တခြားချင်းပါတီပဲ ဖြစ်ဖြစ်၊ အတူတွဲ လုပ်ရမှာပဲ။ ကိုယ့်ပါတီပဲ အနိုင်ရမှ ဆိုတာမျိုး မရှိဘူး။ နောက်ကျရင်တော့ ရှိရင် ရှိလာမှာပေါ့။ အခုလောလော ဆယ်မှာ လူတိုင်းက ပါဝင်ချင်တယ်ဆိုတော့ CPP ချည်းကပဲ၊ NLD ချည်းကပဲ၊ ကြံ့ခိုင်ရေးချည်းကပဲ နေရာယူထားလို့ မရဘူး။ အဲဒီလိုပဲ ကျွန်မတို့က ယုံကြည်တယ်လေ။ Federal Democracy Alliance ဆိုတာလည်း ရှိတယ်။ CPP က ဦးဆောင်နေရတာပေါ့။

ငြိမ်းချမ်းရေး ဆွေးနွေးနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) ထိုးကြဖို့ကတော့ အလားအလာတော့ ရှိတယ်။ နောက်ပြီးတော့ သူက နိုင်ငံရေး ဆွေးနွေးပွဲ ဆက်တက်လို့ ရတာကိုး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်နိုင်မယ်ဆိုရင်တော့ ပိုတော့ ကောင်းတာပေါ့။ NCA ထိုးပြီးပြီဆိုရင် တပ်မတော်ကရော၊ လက်နက် ကိုင် အဖွဲ့အစည်းတွေကရော သူတို့ထိုးထားတဲ့ လက်မှတ်ကို တကယ် လေးစားဖို့တော့ လိုတယ်။

ထိုးသာ ထိုးပြီးတော့မှ သေနတ်သံတွေ ထပ်ကြားနေရတယ်ဆိုရင် ရွေးကောက်ပွဲ အတွက် လည်း အနှောက်အယှက်တစ်ခု ဖြစ်သွားနိုင်တယ်။

Mizzima Weekly

Tags