အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံဆက်ဆံရေးတွင် သံသယများ နည်းပါးရေး တရုတ်သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံဆက်ဆံရေးတွင် သံသယများ နည်းပါးရေး တရုတ်သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

အမေရိကန်သမ္မတ အိုဘားမားနှင့် သမိုင်းမှတ်တိုင်ဖြစ်လာမည့် ဆွေးနွေးပွဲများ မတိုင်မီ အမေရိကန်သို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့စီးပွားရေးထိပ်တန်းနှစ်နိုင်ငံကြား ဆက်ဆံရေးတွင် သံသယများ နည်းပါးရေးအတွက် တိုက်တွန်းလိုက်သည်။

အမေရိကန် ဘိုရင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ လေယာဉ် အစင်း ၃၀၀ အရောင်းအဝယ်သဘောတူမှုရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် ဆီယက်တယ် ကုန်သွယ်ရေးဗဟိုတွင် မိန့်ခွန်းပြောကြားရာ ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ သံသယများ နည်းပါးပြီး ပိုမိုနားလည်းယုံကြည်မှုများ မြင်တွေ့လိုပါတယ်။ အင်အားကြီးနှစ်နိုင်ငံကြားက ပဋိပက္ခနဲ့ ထိပ်တိုက်တွေ့မှုတွေက နှစ်နိုင်ငံစလုံးကို ဘေးဒုက္ခဖြစ်စေမယ့်အပြင် တစ်ကမ္ဘာလုံးအတွက် ဘေးဖြစ်စေမယ့်ဆီ ဦးတည်သွားမှာဖြစ်ပါတယ်။"ဟု ကိစ္စရပ်အချို့တွင် အမေရိကန်နှင့် ဆက်ဆံရေးတွင် ယုံကြည်မှုပါးလျစပြုနေသည့် တရုတ်နိုင်ငံ၏ သမ္မတဖြစ်သူ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်၏ ပိုင်စိုးပြုမှုများ၊ ဆိုင်ဘာဖောက်ထွင်းခြင်းကိစ္စရပ်များနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည့် သမ္မတအိုဘားမားအစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများ မတိုင်မီ သမ္မတ ရှီကျင့်ဖျင်က စီးပွားရေးသမားများနှင့် အမေရိကန်ပြည်နယ်အရာရှိအများစုပါဝင်သည့် ပရိသတ်ကို ပြောဆိုခဲ့ရာတွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးတွင် အပြုသဘောဆောင်သည့် နိုင်ငံ သာဖြစ်ကြောင်း၊ ဥပဒေစိုးမိုးရေးနှင့် ဈေးကွက်ဗဟိုပြုမူအားဖြင့် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ကြဉ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဦးစားပေးမှာ ထိပ်တိုက်မတွေ့ရေး၊ ပဋိပက္ခမဖြစ်ပွားရေး၊ အပြန်အလှန်လေးစားပြီး ပူးပေါင်းမှုစိတ်ဆန္ဒများအခြေခံဖြင့် အမေရိကန်နှင့် ဆက်ဆံရေး စံသစ်တစ်ရပ် ပင်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဖော်ညွန်းပြောဆိုခဲ့သည်။ "နှစ်နိုင်ငံအနေနဲ့ တစ်ဦးရဲ့ မဟာဗျူဟာ ရည်မှန်းချက်ကို တစ်ဦးက မှန်မှန်ကန်ကန် သိမြင်နိုင်ရမည်ဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly