အမျိုးသမီးလက်ရွေးစင်အသင်းမှ အသင်းခေါင်းဆောင် စန်းစန်းမော်နှင့် သန်းသန်းထွေး တို့ အနားယူ

အမျိုးသမီးလက်ရွေးစင်အသင်းမှ အသင်းခေါင်းဆောင် စန်းစန်းမော်နှင့် သန်းသန်းထွေး တို့ အနားယူ
အိုလံံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်၌ အသင်းခေါင်းဆောင် စန်းစန်းမော်၏ ကစားဟန် (ဓာတ်ပုံ- MFF)

စက်တင်ဘာ ၂၃၊ ရန်ကုန်။       ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝါရင့်ကစားသမားဖြစ်သည့် အသင်းခေါင်းဆောင် စန်းစန်းမော်နှင့် သန်းသန်းထွေးတို့သည် ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များအပြီး၌ ကစားသမားဘဝမှ အနားယူလိုက်ပြီ ဟု တရားဝင်ကြေငြာခဲ့သည်။

စန်းစန်းမော်နှင့် သန်းသန်းထွေးတို့သည် ၂၀၀၁ ဆီးဂိမ်းပြိုင်ပွဲမှ စတင်ကာ အမျိုးသမီးလက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး အအောင်မြင်ဆုံးအဖြစ် ၂၀၀၄ နှင့် ၂၀၀၇ ခုနှစ် တို့တွင် အသင်းနှင့်အတူ အာဆီယံအမျိုးသမီး ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ ဒီခြေစစ်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူပါပြီ။ လက်ရှိ ဒဏ်ရာကလည်း ရှိနေတယ်။ အသက်အရွယ်ကြောင့် မကစားချင်တော့တာရောကြောင့်ပါ။ ဘောလုံးမကစားဖြစ်တော့ရင် ဘာဆက်လုပ်မယ်ဆိုတာတော့ အခုထိ မဆုံးဖြတ်ရသေးပါဘူး။ အခြားစီနီယာတွေလို နည်းပြဘ၀ ပြောင်းမယ် မပြောင်းဘူး ဆိုတာလည်း မသေချာသေးပါဘူး။ ပြိုင်ပွဲကလည်း ပြီးတာမကြာသေးတော့ မဆုံးဖြတ်ရသေးတာပါ။ ခြေစစ်ပွဲမှာ ရလဒ်မကောင်းခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး ” ဟု အမျိုးသမီးလက်ရွေးစင် ကွင်းလယ်ကစားသမား သန်းသန်းထွေးက သူ၏ အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ အာရှဇုန် ပထမအဆင့်၌ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘာရိန်း စသည့်အသင်းများကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်ခြေစစ်ပွဲတွင် တရုတ်တိုင်ပေ၊ ဂျော်ဒန်တို့ကို အနိုင်ရခဲ့ကာထိုင်း၊ ဗီယက်နမ် တို့ကို ရှုံးနိမ့်ခဲ့သဖြင့် နောက်ဆုံးအဆင့်သို့ မတက်ရောက်နိုင်ပဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly