အမှတ်ပေးဇယားထိပ်မှ ရန်ကုန်အသင်း ရှုံးပွဲကြုံကာ ရတနာပုံအသင်း နိုင်ပွဲဆက်

အမှတ်ပေးဇယားထိပ်မှ ရန်ကုန်အသင်း ရှုံးပွဲကြုံကာ ရတနာပုံအသင်း နိုင်ပွဲဆက်
ရန်ကုန်နှင့် ကမ္ဘောဇတို့ အကြိတ်အနယ်ကစားစဉ်။ (ဓာတ်ပုံ - Yangon United )

စက်တင်ဘာ ၂၃၊ ရန်ကုန်။    ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အမှတ်ပေးဇယား ဦးဆောင်နေသည့် ရန်ကုန်အသင်းမှာ ရှုံးပွဲနှင့်ကြုံတွေ့ခဲ့ပြီး ဒုတိယနေရာမှ ရတနာပုံလူငယ်အသင်းက နိုင်ပွဲ ဆက်နေခဲ့သည်။

လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၂ တွင် ရန်ကုန်အသင်းက ကမ္ဘောဇအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရှုံးနိမ့်မှုကြောင့် ဒုတိယနေရာမှ ရတနာပုံလူငယ်အသင်းနှင့် ရမှတ် တူညီသွားခဲ့သည်။

အမှတ်ပေးဇယား ဒုတိယနေရာ မှ ရတနာပုံအသင်းမှာ အမှတ်ပေးဇယား အောက်ဆုံးမှ ချင်းယူနိုက်တက်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယား ပထမနေရာမှ ရန်ကုန်အသင်းကို ဆက်လက် ဖိအားပေးလျက်ရှိသည်။

အခြားပွဲစဉ်များတွင် ရခိုင်ယူနိုက်တက် အသင်းက ဇွဲကပင်အသင်းကို ၃-၂ ဂိုး၊ ဇေယျာရွှေမြေအသင်းက နေပြည်တော်အသင်းကို ၂-၀ ဂိုး၊ ဟံသာဝတီအသင်းက မနောမြေအသင်းကို ၂-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး MFF Youth အသင်းနှင့် ဧရာဝတီအသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၂ အပြီးတွင် ရန်ကုန်အသင်းက စုစုပေါင်း ၂၀ ပွဲကစားထားပြီး ၁၅ ပွဲနိုင်၊ သုံးပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယား ပထမနေရာတွင် ဦးဆောင်နေသည်။

အလားတူ ရတနာပုံအသင်းမှာ စုစုပေါင်း ၂၁ ပွဲကစားထားပြီး ၁၄ ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၄၈ မှတ်ဖြင့် ရန်ကုန်နှင့် ရမှတ်တူ ဂိုးကွာခြားချက် ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

အမှတ် ပေးဇယား အဆင့် ၃ နေရာတွင် MFF Youth အသင်းက ရမှတ် ၃၇ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နှင့် ၅ နေရာများ တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့က ရမှတ် ၃၄ မှတ်စီဖြင့် ရပ်တည်နေကြသည်။
 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly