ထိုင်းဗုံးခွဲမှုတွင် ပါ၀င်ပတ်သက်ခဲ့သည်ဟူသော သံသယဖြင့် မလေးရှားက လူ ၈ ဦးကိုဖမ်းဆီး

ထိုင်းဗုံးခွဲမှုတွင် ပါ၀င်ပတ်သက်ခဲ့သည်ဟူသော သံသယဖြင့် မလေးရှားက လူ ၈ ဦးကိုဖမ်းဆီး

ကွာလာလမ်ပူ၊ စက်တင်ဘာ-၂၃ ။       ။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် လူအများအပြားသေဆုံးခဲ့ရသည့် သြဂုတ်လဗုံးခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟူသော သံသယဖြင့် မလေးရှားနိုင်ငံသား ၄ဦးနှင့် နိုင်ငံခြားသား ၄ဦးကို မလေးရှားရဲက ဖမ်းဆီးခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့ လက်ထောက်စုံစမ်းစစ်ဆေးရေးမှူးချုပ် နူးအာ ရာရှစ် အီဗရာဟင်က စက်တင်ဘာ ၂၃ရက်နေ့တွင် ဖမ်းဆီးမှုများကို ကြေညာခဲ့ခြင်းဖြစ်ပြီး သံသယရှိသူများကို မြို့တော် ကွာလာလမ်ပူနှင့် အရှေ့ပိုင်း ကီလန်တန်ပြည်နယ်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

အချို့သတင်းများကမူ ဘန်ကောက်တိုက်ခိုက်မှုတွင် ဗုံးခွဲသူဖြစ်ကြောင်း ဝန်ခံခဲ့သည့် ဖမ်းဆီးထိန်းသိမ်းထားသူများအနက်မှ တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ စစ်မေးရန်အတွက် ထိုင်းနိုင်ငံ၏ ဒုရဲချုပ် ချက်သစ် ချိုင်ကျင်ဒါမှာ မလေးရှားသို့ လေယာဉ်ပျံဖြင့် အပြေးသွားခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် မလေးရှားနိုင်ငံသား၄ဦးမှာ နိုင်ငံခြားသားများကို မလေးရှားသို့ လူကုန်ကူးနေသူများလည်း ဖြစ်ဖွယ်ရှိသည်ဟု ရာရှစ်က ထပ်လောင်းပြောကြားခဲ့သည်။

ယခုလအစောပိုင်းကလည်း မလေးရှားက ဗုံးခွဲမှုနှင့် ဆက်နွယ်ပြီး လူ၃ဦးကို ဖမ်းဆီးခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများက ဘန်ကောက်တိုက်ခိုက်မှုနှင့် တစ်စုံတစ်ရာ အချိတ်အဆက်ရှိကြောင်းကို ဖော်ထုတ်သက်သေပြနိုင်ခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၁၇ရက်နေ့က ဘန်ကောက်မြို့လယ်ခေါင်မှ ဧရာဝဏ်ဘုရားကျောင်းတွင် အားပြင်းသည့်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အာရှကမ္ဘာလှည့်ခရီးသည်အများစုအပါအဝင် လူ၂၀ဦး သေဆုံးခဲ့ရပြီး လူ၁၂၀ကျော် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

တိုက်ခိုက်မှုပြီးနောက် လုံခြုံရေးကင်မရာတွင် ပေါ်လာသည့် ပုံရိပ်ကို အခြေခံ၍ ပေါက်ကွဲမှုမတိုင်ခင် အခိုက်အတန့်တွင် ကျောပိုးအိတ်ကို ဘုရားကျောင်းဝင်းအတွင်း ထားသွားခဲ့သည့် တီရှပ်အဝါဝတ် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသည်းအသန် လိုက်လံရှာဖွေနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly