ဗေဒင်မယုံတဲ့ စံဇာဏီဘို ဘာ့ကြောင့် ဗေဒင်အကျော်အမော် ဖြစ်လာသလဲ

23 September 2015
ဗေဒင်မယုံတဲ့ စံဇာဏီဘို ဘာ့ကြောင့် ဗေဒင်အကျော်အမော် ဖြစ်လာသလဲ

ဒီတစ်ပါတ် Meet the successful အစီအစဉ်မှာ ကျွန်တော် တွေ့ဆုံမေးမြန်းသွားမယ့် သူကတော့ မြန်မာနိုင်ငံရဲ့ ဗေဒင်လောကမှာ နာမည်ကြော်ကြား လူသိများလာတဲ့ ဆရာစံဇာဏီဘို ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာလည်း သူ့ရဲ့ ဘ၀ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရလဲဆိုတဲ့ အတွေ့အကြုံတွေကို သိရှိနိုင်စေဖို့ အောင်မြင်သူနဲ့အတူ တစ်နေ့တာ နေထိုင်ရင်းနဲ့ စကားပြောကြည့်ပါမယ်။

 

အခု ဗေဒင် လောကကို ပေ့ါနော် ဘယ်အချိန်လောက်က စပြီးတော့ ဝင်ရောက်ခဲ့တာလဲ။

ဒုက္ခိတ ဖြစ်တဲ့အချိန်ပဲ ဘဝတစ်ခု ပျက်သွားတယ်။ အသက် ၂၀ အရွယ်မှာ ရောက်တဲ့အချိန် လူ့လောက ထဲကို စဖြစ်တဲ့အချိန်။ လူငယ်ဘ၀ တက်ကြွစွာ ရှေ့ကိုလှမ်းရမယ့်အချိန် ဘဝတစ်ခုလုံး ပျက်သွားတယ်။ မျက်လုံးတစ်လုံး ကန်းသွားတယ်၊ မျက်လုံးမှာ တိမ်ဖြစ်သွားတယ်။ သိပ်လှချင်တဲ့ အရွယ်ပေါ့၊ လူငယ်အရွယ် ရှိုးနဲ့မိုးနဲ့ စတိုင်နဲ့ နေချင်တဲ့အရွယ်၊ မျက်လုံးမှာ တစ်လုံးမှာ တိမ်ဝင်သွား တယ်။ ကန်းသွားတယ်၊ ဒီမျက်လုံးတစ်လုံးကလည်း ကျွန်တော် အကြောင်းအရာ တစ်ခုကြောင့် ပေးခဲ့ရတာ။

အဓိပတိ လမ်းမပေါ်မှာ ဦးသန့်ဂူ ဆောက်တဲ့နေရာမှာ ဂူကိုဖျက်မှာကို တားလို့ ကျွန်တော်တို့ကို သေနတ်ဒင်နဲ့ ဆောင့်ထည့်တာကြောင့် ကန်းသွားခဲ့တဲ့မျက်လုံး၊ ကျောင်းက အပြီးထုတ်ခံရတယ်။ နေစရာ ကျောင်းမရှိဘူး၊ ထောင်ကထွက်တော့ ထောက်ထွက်ပေါ့၊ အပြင် သွားတဲ့အခါကျတော့ ဟိုလူက မပေါင်းချင်၊ ဒီလူက မပေါင်းချင်။ ကိုယ့်ကျောင်းက ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းသွားပြန်တော့လည်း၊ သူငယ်ချင်းတွေက ကိုယ့်ကိုတွေ့ရင် ရှောင်ထွက်သွားကြတယ်။

ဘက်စကားပေါ်မှာတွေ့ရင်တောင်မှ နှုတ်မဆက်ချင်ဘူး၊ ကျောင်းကလည်း ထွက်နေရပြီး ရည်ရွယ်ချက်တွေ ဘားမှမသိဘူး ပျောက်သွားပြီ။ အဲဒီအချိန် အရမ်း စိတ်ဓာတ်ကျမိတယ်။ အချစ်တွေ မေတ္တာတွေ ဘာတွေဆိုတာလည်း ဘဝတစ်ခု နိမ့်တယ်တဲ့ထင်တာ မရှိတော့ပါဘူး။ ဘယ်သူမှ ကိုယ့်နဘေးမှာ မရှိတော့ဘူး။

မိဘကလည်း ငွေကြေး တစ်စုံတစ်ရာ ရင်းနှီးပေးပြီးတော့ လုပ်ဖို့ကလည်း ကျွန်တော်အဖေနဲ့ အမေက အသက် ၄၀ မှ သူတို့က အိမ်ထောင်ပြုကြတာ။ ကျွန်တော် အသက် ၂၀ ရောက်တဲ့အချိန် ပင်စင်စားတွေ ဖြစ်ကုန်ပြီ။ ကျွန်တော်ဆီက ဘယ်နှယ့်လုပ်ပြီးတော့ ငွေကြေးရင်းနှီး မြုပ်နှံမှုက ရမလဲ။ မိဘဆီမှာလည်း ပိုက်ဆံတောင်းပြီး ရင်းစားလို့ကလည်း မရ။ ကိုယ်ကိုတိုင်းလည်း ကျောင်းက တစ်ပိုင်းတစ်စ၊ လူကလည်း ဒုက္ခိတ Personality မျက်လုံး တစ်လုံးကန်းနေပြီ၊ တိမ်တစ်လုံး စွဲနေပြီ။ စာလည်းမတတ်ဘူး သေသေချာချာ၊ အဲဒီဘဝတစ်ခုကနေ ပြန်စရမယ်။

 

ဒီလိုနဲ့ပဲ အသက် ၂၀ လောက်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ဘဝအနာဂတ် လမ်းကြောင်းဟာ ပျောက်ဆုံးသွားခဲ့ပြီ၊ မကောင်းမှုတွေပြုလုပ်ရင်းနဲ့ လမ်းမှားကို တစ်စတစ်စ ရောက်ရှိခဲ့ပါတယ်။

အဲဒီတော့ ဘာမှလုပ်စရာမရှိတဲ့ အချိန်ကျတော့ ပျက်စီးရောပေ့ါ။ ဆေးခြောက်ရှုတယ်တယ် မဟုတ်တာတွေ အကုန်လုပ်တယ်။ သောက်တယ်စားတယ်၊ ထွက်ပေါက်တွေရှာတယ်၊ ပိုပြီးတော့ မိတ်ဆွေနဲ့ ဝေးသွားတယ်၊ ပိုပြီးတော့ ဆိုးတဲ့ဝန်ကျင်တွေထဲဝင်သွားတယ်။ ဒီလိုနဲ့ပျက်စီးပြီ၊ အသက် ၂၀ ပျက်စီးသွားပြီ၊ ရုပ်လည်းပျက်သွားပြီ၊ ဘဝလည်းပျက်သွားပြီ။  စရိုက်လည်း ပျက်သွားပြီ၊ အိမ်က ဆွေမျိုးတွေကလည်း သိုးမဲတစ်ကောင်ဖြစ်သွားပြီ၊ အဲလို့ဖြစ်သွားပြီး။ ဖြစ်သွားတဲ့ အချိန်ကျတော့ နောက်ဆုံး အဖေအမေတွေ မျက်ရည်ကျကုန်ပြီ။

 

အခုလိုမျိုး ပျက်စီးလေလွင့်နေချိန် တစ်နေ့မှာတော့ သူ့ရဲ့ဘဝကို အလှည့်အပြောင်း ဖြစ်စေမယ့် အဖြစ်အပျက်တစ် ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ တောရ ကျောင်းကလေး တစ်ခုမှာ သာသနာ့ဘောင်ကို ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရဟန်းဘ၀ ရောက်နေတဲ့အချိန်မှာ အချိန်ရဲ့တန်ဖိုးကို စတင်သိရှိခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့ပါတယ်။

အိမ်က ပိုက်ဆံပို့ထားလို့ ရွာက ဆွမ်းဂျိုင့်က လာပို့ပေးတယ်။ ကိုယ်က ဘုန်းကြီးက ဆွမ်းခံကြွတယ်။ ပြီးရင်ပြန်လာတယ်၊ အတူစားတယ်၊ ဘုန်းကြီးက သူက အိပ်တော့တာပေ့ါ။ ဆေးလိပ်ဖွာပြီး အိပ်တယ်၊ ဘုန်းကြီးက ဝါးလေးတွေ ခုတ်ပြီးတော့ နှီးလေးတွေဖြတ်၊ ဝါးလေးတွေသတ် စကားတစ်ပြောပြောနဲ့ အိပ်ပျော်သွားတယ်။

အိပ်ယာနိုးလာတဲ့အချိန် အိုက်စပ်စပ်နဲ့နိုးလာတယ် ၂ နာရီခွလောက်အချိန်။ ညနေ ၃ နာရီလောက် အချိန်ကျရင် နိုးလာတဲ့အချိန် ဘုန်းကြီးက လင်ပန်းလေး တစ်ချပ်လုပ်ထားတယ်။ သူ့လက်ရာနဲ့ နှီးလေးနဲ့ အဲဒါတွေကို ကိုယ်ကယူပြီးတော့ ရွာထဲမှာသွားပြီးတော့ ရောင်းပေးတယ်။ ဆိုင်မှာ အဲဒီရတဲ့ပိုက်ဆံလေးနဲ့ ကောက်ညှင်းလေးဝယ်လို့ရတယ်၊ ဆေးပေါလိပ်လည်း ဝယ်လို့ရတယ်၊ ပြန်လာတယ်။

အဲဒါလေးက မနက်ကျရင် အဲဒီကောက်ညှင်းလေး တွေချက်စားတယ် ဘုန်းကြီးနဲ့အတူ။ အဲဒီတော့ ကိုယ်အိပ်နေတဲ့ နာရီပိုင်းလေးအတွင်းမှာ စကောလေး တစ်ချပ်ပြီးတယ်၊ ဇကာလေးတစ်ချပ် ပြီးသွားတယ်၊ အဲဒီ စကောလေး ဇကာလေးက ကိုယ်မနက်စာ စားတဲ့ အစားအသောက် တစ်ခုဖြစ်လာတယ်။

အိပ်စက်နေတဲ့အချိန်အတွင် နှမျှောလာတယ်။ နှမျှောစရာကြီး ကျွန်တော် အိပ်လိုက်တဲ့အချိန်၊ ဒါဆိုအိပ်တဲ့အချိန် နှမျှောရင် ဘယ်လုပ်ရမှာလဲ ကျွန်တော်က ဘာမှမရှိတဲ့ အတူတူတော့ ဘာမှမလုပ်လို့လည်းမရဘူး။ ဒီအတိုင်းထိုင်နေတဲ့အချိန်မှာ ဘာလုပ်ရမှန်း မသိတဲ့အချိန်ကျတော့ အလွယ်ဆုံးကတော့ ကိုယ်တတ်တာတစ်ခုတော့ ရှိတယ်။ မျက်လုံးတစ်လုံး ကျန်သေးတယ်၊ အဲဒီတစ်လုံးနဲ့ စာဖတ်မှာပေ့ါ။

ဘုန်းကြီးကျောင်းမှာရှိတဲ့ စာအုပ်တွေ အကုန်ရှောက်ရှာ ဖတ်တယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းဆီမှာ သင်ထားတဲ့ဗေဒင်၊ ဘုန်းကြီးဆီမှာလဲ စာအုပ်တွေရှိတယ်။ မေးတယ်ဖတ်တယ်။ အဲတော့ အရေးကြီးတာက ဘာလဲဆိုတော့ လူတစ်ယောက် က ရပ်နေရင်တော့ ခရီးမရောက်ဘူး လှုပ်ရှားေနေရင်တော့ ခရီးတစ်စုံတစ်ရာ ရောက်မယ်ဆိုတာ သိတယ်။

         

လူတစ်ယောက်ဟာ ရပ်နေရင်တော့ ဘားမှဖြစ်မလာဘူး၊ လှုပ်ရှားနေရင်တော့ ခရီးတစ်စုံတစ်ရာ ရောက်မယ်ဆိုတဲ့ စကားအတိုင်းပဲ သူ့ရဲ့ဘဝအားလပ်ချိန်တွေမှာ စာဖတ်ရင်း ကျောင်းပြန်တက်ချင်တဲ့ စိတ်တွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

စာဖတ်တယ်၊ အချိန်မရွေး စာထိုင်ဖတ်တယ်၊ အားအားရှိ စာထိုင်ဖတ်တယ်၊ ရှိသမျှစာ အကုန်လုံးကို ဖတ်တယ်၊ ပြီးတော့ ကျောင်းစာ ပြန်တက်ချင်လာတဲ့စိတ် ဝင်လာတယ်။ ဝင်လာတဲ့အချိန် Institute of Foreign Languages (IFL) ကိုလျှောက်လိုက်တယ်၊ အဲဒီအချိန်မှာ ၁၀ တန်းအောင်ပြီးရင် လျှောက်လို့ရတယ်။ အဲဒီတော့ IFL တက်တော့ French ကို တက်ချင်တော့ လျှောက်လိုက်တယ် ဒါပေမယ့် ၆၇ ခုနှစ်မှာ အောင်တဲ့သူအတွက် ၁၉၆၇ မှာ ၁၀ တန်းအောင်တဲ့သူ အတွက်ပဲ တက်ရတယ်။

ကျွန်တော်က ၁၉၇၃ မှာအောင်ထားတယ်၊ ဘယ်လိုမှမရဘူး၊ ရအောင်ဘယ်လိုတက်ရမလဲ လေ့လာသူ အနေနဲ့ လာထိုင်ရတယ်။ Roll-Number မပေးဘူး၊ လာထိုင် တက်ပြီးတော့ စာမေးပွဲအောင်အောင် ဖြေရမယ်။ ဖြေလို့အောင်ပြီး အောင်ရင်တော့ Roll ပေးမယ်။ အဲဒါနဲ့ ကျွန်တော်အောင်တော့ IFL ကျွန်တော် French ဘာသာစကားကို အချိန်ပြည့် စတက်ရတယ်။

Roll ရတာတောင်မှ လူတွေထွက်သွားတဲ့ အချိန်ကျမှ လူတွေ မရှိတဲ့အချိန်ကျမှ ရတယ်။ အဲတော့ ရသွားပြီးတော့ အဲမှာ ကျောင်းတက်တယ်။ လောကကြီးမှာ ဖြစ်တဲ့အရာကို လုပ်ခြင်းသည်သာ ကောင်းဆုံး၊ မဖြစ်တဲ့အရာကို မှန်းပြီးတော့ အိမ်မက်မက်နေတာ အဆိုးဆုံး။

အဲဒီတော့ RIT - Rangoon Institute of Technology  က ထုတ်ပြီးပြီးဆိုတာ ကျောင်းတက်ဖို့တော့ မမျှော်တော့ဘူး။ အဲတော့ RIT ကနေ့ ကျောင်းပြောင်းလို့ရလား၊ ကျောင်းက ပြောတယ် ပြောင်းလို့ရတယ်ပြောတယ်။ ဘယ်ကို Join လို့ရလဲ Join တဲ့ အခါကျတော့ ကျွန်တော် Chemistry Major ကို Join လို့ရတယ်။ Day ကိုတော့ လုံးဝတက်ခွင့် မရှိဘူး။

Join ရတယ်ဆိုတော့ တက်ပြီပေ့ါ။တတိယနှစ်နဲ့ နောက်ဆုံးနှစ်တက်တယ်။ ဒီဘက်က (IFL)ကလည်း တက်နေတယ်။  ခိုးတော့ တက်ရတာပေ့ါ သိသွားရင် ပြဿနာရှိတယ်၊ အဲဒီခေတ်တုန်းက တစ်ကျောင်းပဲတက်ခွင့်ရှိတယ်။ ဒါပေမဲ့ ရအောင်တော့လုပ်တယ်။ အပင်ပန်းခံပြီး လုပ်တယ်။ မနက်ဘက် (IFL)  တက်ရင် ဒီဘက်က လိုအပ်တဲ့ လက်တွေ့ လေ့ကျင့်ခန်းတွေပဲလုပ်တယ်။ စာမေးပွဲတိုက်နေရင်လည်း မနက်ညနေ ကွာသွားလို့ နည်းနည်းတော့ သက်သာတယ်။ အဆင်ပြေတယ်။ ဒီလိုနဲ့ နှစ်နှစ်အတွင်းမှာ ဘွဲ့တစ်ခုရသွားတယ်။ Diploma ဘွဲ့ကို ရတယ်။

         

ဘဝဟာ တစ်ခါတစ်လေမှာ ကြိုးစားနေပေမဲ့လည်း မျှော်လင့်ချက်ကင်းမဲ့တတ်ပါတယ်။ ကျောင်းပြီးလို့ ပြင်သစ်ဘာသာနဲ့ Diploma ဘွဲ့ကို ရသွားပေမဲ့လည်း မျက်လုံးတစ်ဖက် ကွယ်နေတဲ့ အားနည်းချက်ကြောင့် သူမျှော်လင့်ထားသလို့ Tourist guide တစ်ယောက် လုပ်လို့မရပါဘူး။

ပညာလည်း သင်ပြီးတဲ့အချိန်မှာလည်း ကျွန်တော့်အတွက် နေရာမရှိပါဘူး။ အဲဒီတော့ အရင်းအနှီးလည်းမရှိ၊ ဘဝမှာလည်း ဘာမှမရှိတဲ့ လူငယ်တစ်ယောက်ပေ့ါ။ အဲဒီအချိန် လူငယ်ပဲပေ့ါ။ ဘဝကို ဘယ်လိုဆက်ဖြတ်မလဲ အဲတော့ သတ်မှတ်ထားတဲ့ လူတွေ အသက်မွေးနေတဲ့ အသက်မွေး ဝမ်းကျောင်းတွေ အများကြီးရှိတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ လှပတဲ့ လုပ်ငန်းကြီးတွေ အများကြီးရှိတယ်။ အိမ်မက်မက်တဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်။ အဲဒီအလုပ်တွေနဲ့တော့ ကိုယ်နဲ့တော့ မပတ်သက်ဘူး ထင်တယ်နော်။

အဲဒီတော့ လူ့လောကမှာ လုပ်စရာမရှိတဲ့ အရာဆိုတာ မရှိပါဘူး၊ လုပ်စရာတစ်ခုတော့ ရှိမှာပေ့ါ၊ လောကကြီးမှာ နောက်ဆုံး ပိုက်ဆံမရှိရင် နေပါစေတော့ အလုပ်တစ်ခုကို လုပ်ရရင်ပြီးရောဆိုတဲ့ စိတ်ကလေးတစ်ခုဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာ ဒါ ပိုက်ဆံရဖို့တို့၊ ဂုဏ်ရှိဖို့တော့၊ ကျက်သရေရှိဖို့တော့ မရှိရင ်နေပါစေတော့ ကိုယ်ဒါကို လုပ်ကြည့်ချင်တယ် အဲဒီအချိန်မှာ ကိုယ်ကဒီဗေဒင်ကိုလည်း မယုံဘူးလေ။ ဗေဒင်ကို လုံး၀ ကျွန်တော် ယုံတဲ့လူ မဟုတ်ဘူး။

ဘာလဲဆိုတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာအကြောင်းအရာကို ကောင်ကင်မှာ အဝေးကြီး မှာရှိတဲ့ ကြယ်တွေတို့ ဂြိဟ်တွေတို့နဲ့ ပြောနိုင်တယ်ဆိုတာတော့ ဂဏန်းတွက်ရုံ လောက်တော့ မဖြစ်နိုင်ဘူး။ ကျွန်တော့်သူငယ်ချင်းက ပြောတယ် မင်းသေချာလေ့လာ၊ မင်းလုပ်ရင် ဒီပညာရပ်က မင်းမကြိုက်ရင်လဲမလုပ်နဲ့ ကြိုက်ရင်လဲ ဆက်လေ့လာပေ့ါ။ ဒီ RIT တက်တုန်းကလည်း ကျွန်တော်တို့ ဒီဆရာကြီး ဦးမင်းဝေတို့၊ ဦးဝင်းဝင်းကျော်တို့ဆိုတာ တကယ့် နက္ခဆရာကြီးတွေလေ။ သူတို့ကိုလည်း ကျွန်တော်တွေ့ခဲ့တော့ ဒါသိပ္ပံနည်းတော့ ကျမယ်ဆိုပြီး လုပ်ရင်းလုပ်ရင်းနဲ့ ဒီဘက်ထဲ ဝင်သွားရင်းနဲ့ ဗေဒင်ဆရာဖြစ်လာတယ်။

 

ဗေဒင်ဆရာဘဝကိုရောက်ပြန်တော့လည်း အောင်မြင်မှုကို မရရှိသေးတဲ့ အချိန်မှာတော့ လူတွေရဲ့ အထင်အမြင်သေးမှုကို ခံခဲ့ရပါတယ်။

ဗေဒင်ဆရာတစ်ယောက် လုပ်ရတဲ့ဘဝဟာတော့ ကျန်တဲ့အလုပ်နဲ့ စာရင်တော့ အဲဒီခေတ်တုန်းက တော်တော်လေးကို သိမ်ငယ်တဲ့ အလုပ်ပါပဲ။ ဘာမှမဟုတ်တဲ့ အလုပ်လေးတစ်ခုပဲ။ ဘာလုပ်လဲ အောင် ဗေဒင်ဆရာလား။ Look Down တောင် လုပ်ခံရတယ်လေ။ အဲဒီတော့ မိဘတွေက ပြောတယ် သားဘာလုပ်နေလဲ။ သူတို့ သူငယ်ချင်း အချင်းချင်းမေးတယ်။ သားကတော့ ဒီလိုဒီလိုဘဲ ထောင်ကထွက် အခုတော့ လိမ္မာနေပြီ ဗေဒင်ဟောနေတယ်။

ဗေဒင်ဆရာ လုပ်နေတယ်ဆိုတော့ ဟင်းတဲ့။ ကျွန်တော့် အိမ်နီးနားချင်း တစ်ယောက်က ဘာပြောလဲဆိုတော့ မောင်ဇာဏီတဲ့ တခြားအလုပ်လေး မင်းလုပ်ပါလားတဲ့။ အဲလိုလုပ်မဲ့အစား၊ အဲလိုပြောတယ်၊ အားပေးကြတာပေ့ါ။ အဲတော့ ဘာလုပ်ရမှာလဲ တခြား အလုပ် လုပ်ဆိုတာလဲ လုပ်မယ်ဆိုရင်တော့လည်း လုပ်စရာတွေတော့ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ ဒါလေးတစ်ခုကိုတော့ လုပ်ကြည့်ချင်တယ်လေ လုပ်တာပေ့ါ။

 

မခုနက ဆရာပြောသွားတဲ့အထဲမှာ စိတ်ဝင်စားဖို့အများကြီးပါတာတွေ့ရတယ်၊ တစ်အချက်ကတော့ ဆရာ ထောင်ကျခဲ့တယ်ပေ့ါနော်။ နောက်ပြီးတော့ ဆရာ ဗေဒင်လောကကို ရောက်ခဲ့တယ်ဆိုတော့ ထောင်ကျခဲ့တဲ့ အချိန်မှာကော လူတော်တော်များများက ထောင်ထွက်ဆိုရင် ဒါကတော့ မေးငေါ့ကြတာ မှန်ပါတယ်။ ထောင်ထဲမှာ ဆရာဘယ်လိုမျိုးကို ဘဝကိုအရှုံးအပေးပဲနဲ့ မှတ်မှတ်ရရ လေးပေ့ါနော်။

ထောင်ထဲက နေ့ရက်တွေကတော့ ဘဝမှာ အမှတ်တရနဲ့ ပျော်ရွင်စရာ နေ့ရက်တွေပါပဲ။ လူတွေက ထင်မယ် ထောင်ကျရင်ထောင်ထဲမှာ စိတ်ဓာတ်ကျပြီး ငိုနေတယ်လို့ ထင်မှာဘဲ။ ကျွန်တော် ထောင်ထဲမှာ နေတဲ့အထဲမှာ ထောင်ထဲမှာ ငိုနေတဲ့သူကိုတော့ ကျွန်တော် မတွေ့ဘူးတာ အမှန်ပဲ။ စိတ်ညစ်တဲ့လူတော့ ရှိကောင်းရှိမှာပေ့ါနော်။ ဒါပေမဲ့ ယေက်ျားတွေဘဲ ထောင်ထဲမှာ ဘယ်ငိုပါ့မလဲ။

အဲဒီတော့ ထောင်ဆိုတာက အတော်ကိုတော့ ထူးခြားတဲ့ နေရာ တစ်ခုဘဲပေ့ါနော်။ လူတွေနဲ့ စည်းတား ထားတဲ့နေရာ၊ ထောင်က ရောက်တဲ့အခါမှာ ကျွန်တော် ပထမရောက်တဲ့ အချိန်ကတော့ ၁၉၇၄ ခုနှစ်ရောက်တော့ ဒီထောင်ထဲမှာ ဘိုးတော်တွေ ခေတ်ရှိတယ်။ အကြားအမြင် ဘိုးတော်တွေ ဖမ်းထားတယ်။

နောက်ပြီးတော့ ဒီကျွန်တော်တို့ လူငယ်တွေ လမ်းသရဲတွေ ဖမ်းထားတာရှိတယ်။ ဒီဟာတွေရှိတဲ့နောက် ထူးခြားတဲ့ ပုဂ္ဂိုလ်တွေရှိတယ် ဒါပထမ၊ ဒုတိယ အကြိမ်ကျတော့ ကျွန်တော် တွေ့တော့လည်း ဒီရောက်တော့ ၁၉၇၆ ကနေ ဆက်ရောက်တော့လည်း ဘာသာစကားတွေ ကျွန်တော် သင်လို့ရတယ်။ ထောင်ထဲမှာဘဲ ကျွန်တော် အင်္ဂလိပ်ဆိုလည်း ကောင်းကောင်း ရအောင် လုပ်လာနိုင်တယ်။ နောက်ပြီးတော့ ပြင်သစ် အခြေခံလည်း ရတယ်။ ဗေဒင် အခြေခံလည်းရတယ်။

ထောင်ကထွက်လာတော့လည်း သုည ပြန်ဖြစ်နေပြီး၊ အိမ်ကြီးက ခေါင်ကမိုးယိုတယ်၊ အောက်က ရေဝင်တယ်။ ပြီးတော့ မိုးပက်တယ်။ ကလေးတွေကလည်း ဒီလိုနေကြတယ်။ အဲ့ဒီတုန်းကလည်းဗျာ ထောင်ထွက် နိုင်ငံရေး ထောင်ထွက် ကလေးတွေ ကျောင်းထားတယ်။ ဒီ အလက (၄) မှာဘဲသွားထားရတယ်။ အဲဒီ နေရာမှာဘဲ ကလေးတွေလဲ ဘဝတစ်ခု စခဲ့ရတာပေ့ါ။

မိုးရွာတဲ့ နေ့တွေကျတော့ ခြင်ထောင်အပေါ်မှာ ပလပ်ဟတစ် ခင်းထားရတယ်။ နောက်ဆုံး မိုးယိုတဲ့အခါကျတော့ ကျွန်တော့်မိန်းမရဲ့ အမအိမ်သွားပို့ ရတယ်။ လင်မယားနှစ်ယောက် မွေ့ယာကို မီးပူတိုက် ကလေးတွေပြန်ခေါ် အဲလိုတွေဗျာ ဖြတ်သန်း လာခဲ့ရတာပေ့ါ။ ရိုးရိုးတန်းတန်း လူတွေနဲ့ထောင်ထွက်တုန်းကတော့ ပြဿနာရှိတော့တစ်မျိုး ကလေးအဖေနဲ့ ထောင်ထွက်တော့ ပိုပြီးတော့ ကြမ်းတာပေ့ါဗျာ။

ဒါပေမဲ့ ပြန်ပြီးတော့ စရတာတော့ပေ့ါ အကုန်လုံးကတော့ ဘယ်လိုမှတော့ အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ သူများလိုတော့ မဟုတ်ဘူးပေ့ါ။ ကိုယ့်ဘဝက ဟိုဒုက္ခတ တစ်ယောက်အနေနဲ့ မျက်လုံးတစ်ဖက် ကန်းလာတဲ့ဘဝကနေ ကျွန်တော်ရအောင် လုပ်လာတဲ့လူကတော့ လောကကြီးကို ဘာမှ ကျွန်တော်မကြောက်ဘူး။

         

ကျွန်တော်တို့ရဲ့ ဘဝဟာ တစ်ခါတစ်လေမှာ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခု မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လောကဒန်ကို ခံကြရပါတယ်။ အဲဒီလိုမျိုး အဆိုးတွေကို ရင်ဆိုင်ကြရတဲ့အခါ မိမိရဲ့ ယုံကြည်ချက်ကို မပျက်စေဘဲ ကြိုးစားနိုင်မှသာ အောင်မြင်မှုကို ရရှိကြမှာဖြစ်ပါတယ်။

       

ဆရာအဲဒါဆိုရင် ဆရာဘဝမှာပေ့ါနော် မိုးလေးယိုလို့ သားသမီးတွေ ခွဲအိပ်ရတဲ့ ရက်တွေ စိတ်ဓာတ်ကျတဲ့ ညတွေအများကြီးရှိမှာပေ့ါ၊ အဲဒီလိုမျိုးအချိန်မှာ ဆရာစိတ်ကို ဘယ်လိုမျိုးအးမွေး ပြီးတော့ ရှေ့ဆက်လဲ။

စိတ်ဓာတ်က ကျသွားတဲ့အချိန်မှာတော့ ဘာမှမတွေးဘဲနဲ့နေလဲ တွေးနေတာပေ့ါနော်။ အဲဒီအချိန်ကျ အတွေးကိုသာ ဦးစားပေးလိုက်ပါတယ်။ ကျလက်စနဲ့ ဆက်ကျ လိုက်ပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ စိတ်ဓာတ်ကျတဲ့အခါ မျက်ရည်လည်း ကျခဲ့တာပေ့ါလေ။ ဒါပေမဲ့လည်း ဒါက ပြီးသွားပါပြီး အဲဒီအချိန်ကအဲဒါလေး လွတ်သာပေးလိုက် စိတ်ဓာတ်ကျတဲ့အချိန်လေး၊ စိတ်ဓာတ်ကျရင် တင်းခံမနေနဲ့ လွတ်သာပေးလိုက်၊ ဒါပဲပြီးသွားရင် ပြီးသွားပါပြီ၊ အဲဒါအဖြေပဲ။

 

ဆိုတော့အခုဆရာပေ့ါနော် ဆရာ့ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံမှာ မှတ်မှတ်ရရ အမှတ်တရ ရှိနေမယ့် ပုဂ္ဂိုလ်လို့ပြောမယ်ဆိုရင် ဘယ်သူများဖြစ်မလဲဆရာ။

ဆရာကြီး မင်းသိင်္ခပါပဲ။ ဆရာမင်းသိင်္ခ ကျွန်တော့်ဘဝမှာ အမှတ်အရဆုံး ပုဂ္ဂိုလ်ထဲမှာ ပါတယ်။ သူကလည်း ဘဝထွေထွေကို ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက်ပဲလေ။ နောက် ထောင်ထဲမှာလဲ နောက်ဆုံးအကြိမ တွေ့တော့ ဗေဒင်ဆရာက သူရယ်ကျွန်တော်ရယ် ရှိတယ်။ လူတွေကပြောတယ် ကိုယ့်ဘာသာကိုယ် မတွက်ကြဘူးလားတဲ့။ ဗေဒင်ဆရာတွေထောင်ကျတယ် ကိုယ့်ဘာသာကိုယ် မတွက်ဘူးလားတဲ့ ကျွန်တော့်စိတ်ထင် ကိုယ့်ဘာသာကိုယ် မတွက်ဘူးလား ဘယ်နယ်ထောင်ကျခဲ့ တာလဲ အဲဒါနဲ့ကျွန်တော်လည်း စိတ်မကောင်းဖြစ်တယ်။ ဘယ်လိုဖြစ်တာလဲမသိဘူးပေါ့နော်။

အဲဒါနဲ့ ကျွန်တော်သွားပြောတယ် ဆရာခ ဒီလိုပြောတယ် အေးငါ့ကိုလည်း ဒီလိုပဲ မေးတာဘဲပေ့ါကွားတဲ့။ ဒါပေမဲ့ ငါတို့က ဗေဒင်ဆရာ အနေနဲ့ ထောင်ထဲလာကြတာမှ မဟုတ်တာတဲ့။ နိုင်ငံရေးအနေနဲ့ လှုပ်ရှား ပြီးတော့ ငါတို့ ထောင်ထဲလာတာဘဲတဲ့။ အဲတော့ ပြောလိုက်တဲ့ အားလုံးကို တွက်စရာမလိုဘူး နိုင်ငံရေးလုပ်ရင် ထောင်ကျမှာသိတယ် သိလျက်နဲ့ လာတယ်လို့ ပြောလိုက်တဲ့ အမှတ်တရပဲဗျာ။ အဲဒါနဲ့ တခြားဟာတွေလည်း အများကြီးပါဘဲ။ တွေ့တဲ့အခါ သူကသင်ပေးတယ်။

ကျွန်တော့် ပညာတွေ တော်တော်လေး သင်ပေးတယ် သိပ်တတ်တယ်၊ သိပ်တော်တယ်။ နောက် စိတ်ဓာတ်ရေးရာပိုင်းမှာလည်း မြင့်တင်ပေးနိုင်တဲ့ ဘက်မှာ သူက တော်တော်လေးကို အားကောင်းတယ်။ အဲတော့ ကျွန်တော့်အတွက် ထာဝရ အမှတ်တရဘဲ။ နောက်ကျွန်တော်က အားလျှော့သွားတဲ့အချိန် ကျွန်တော် စိတ်ဓာတ်ကျသွားတဲ့ အချိန်တွေမှာ သူက ကျွန်တော်အတွက် အင်အားပဲ။ ဆရာလည်း ဆရာ ကျွန်တော်ရဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်လည်း ပုဂ္ဂိုလ်ပဲ။ သူ့ဘဝမှာ ဘာမှအလျှော့မပေး ခဲ့ဘူးလေ။ အမြဲတမ်း သွားခဲ့တာဘဲ။

 

အဲဒီတော့ဆရာ အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ တစ်ခါတစ်လေကျရင် ဆရာ့ဘဝမှာ ငါဘာဆက်လုပ်ရမလဲ မသိဘူးဆိုပြီး လမ်းပျောက်သွားတဲ့ အခြေအနေကော ရှိဘူးလာဆရာ။

ကျွန်တော် လမ်းပျောက်တာ အသက် ၂၀ တုန်းက ပျောက်တာ ခဏခဏ ပျောက်တယ်ပေ့ါ။ လမ်းပျောက်သွားတယ် ကျွန်တော်သိတယ် လမ်းပျောက်သွားပြီးရင် အဲဒီအတိုင်း ဆက်သာလျှောက်၊ နဂို နေရာကိုပြန်ရောက်တယ်။ နဂိုနေပြန်ရောက်ရင် အဲဒီနေရာမှာမှ လမ်းသစ် ပြန်ရှာလိုက်တယ် အဖြေရှာလို့ တွေ့တယ်။ အဲဒီတော့ လမ်းဆိုတာ ပျောက်တယ်။

ဒါကြောင့် ကျွန်တော် ဗေဒင် သင်တဲ့အခါ ပိုသိလာတယ်။ ရိုးရိုး လူတစ်ယောက် မျက်စိစုံ ပိတ်ပြီးတော့ လမ်းလျှောက် ခိုင်းလိုက်ရင် နောက်ပိုင်း α ပုံစံလမ်းလျှောက်တယ်။ အင်္ဂလိပ် α ပေါ့ဗျာ Infantry လို့ခေါ်တယ်။ မျက်စိလည် လမ်းမှားတဲ့သူတွေလည်း Infantry လိုဘဲ သွားတယ်။ သေချာပေါက်သွားတယ်။ အဲတော့ လူတစ်ယောက်က လမ်းပျောက်ရင် ရှေ့သက်ဆက်တိုး ဘာမှမလုပ်နဲ့ နဂိုနေရာကို ပြန်ရောက်လိမ့်မယ် အဲဒီအချိန်မှာ ကိုယ်ကြိုက်တဲ့ လမ်းသစ်တစ်ခု ဖေါက်ပြီးတော့ ရှေ့ဆက်သွားလိုက်ပါ။ ဒါအဖြေပါပဲ။

 

အဲဒီေတော့ အခုကျွန်တော်တို့ ဒီဘက်ခေတ် လူငယ်တွေထဲမှာလဲပေ့ါနော်။ ဘဝမှာ ကိုယ့်ကိုကို စိတ်တိုင်းမကျတာတို့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေလည်း ရှိပါတယ်ဆရာ။ အဲဒီလို လူမျိုးတွေအတွက်ကော ဆရာအနေနဲ့ ဘယ်လိုမျိုး အားပေးချင်လဲဆရာ။

နံပါတ် တစ်အချက်ကတော့ ကိုယ့်ဘဝကို ကိုယ်အပျက်တော့ မခံနဲ့ဗျ၊ ဘဝဆိုတာ တန်ဖိုးရှိ တယ်။ နံပါတ် နှစ်က အချိန်ကို အသုံးချပါ။ မဖြုန်းလိုက်ပါနဲ့ ဒီနှစ်ခုဘဲလုပ်ပါ။ ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားပြီး အချိန်ကို သုံးစွဲလိုက်ပါ။ လုံး၀ လမ်းကြောင့်မှန်တစ်ခုကို မလွယ်မသေရောက်မယ်။ ဒါအဖြေဘဲ ဒါကျွန်တော်ဘဝနဲ့ရင်းပြီး သိတဲ့အဖြေဘဲ။

 

ဒီဘက်ခေတ်မှာကော ဆရာ ဗေဒင်ကို အယူသီးတဲ့လူတွေ ယူဆကနေပြီးတော့ လူငယ်တွေတောင်မှ ဒီဗေဒင်ပညာကို စိတ်ဝင်စားလာကြတယ် ဆရာအနေနဲ့ကော ဘယ်လိုထင်မြင်ချက် ပေးချင်လဲ။

ဆရာကတော့ ဒီဗေဒင်ပညာကတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပညာရပ် တစ်ခုဘဲ။ သူကတော့ လေ့လာသင်တဲ့ ပညာတစ်ခုဘဲ။ သူ့ရဲ့နောက်ကွယ်မှာ ဗေဒင်ဟောတာ မဟုတ်လင့်ကစား ဒီအတွေး အခေါ်တွေရှိတယ်။ နောက်ချိတ်ဆက်တဲ့ နည်းပညာတွေ ရှိတယ်။ သူရဲ့နောက်မှာ ရှေးပညာရပ်တွေ ရှိတယ်။ အတွေးအခေါ်ပိုင်းတွေ ရှိတယ်။ အဲဒီတော့ လေ့လာသင့်တယ်။

 

တစ်ချို့ပြောတယ် ကံကိုယုံပြီးတော့ ဆူးပုံမနင်းနဲ့ပေါ့နော်။ အဲဒီပုံစံမျိုးပေ့ါ။ အဲဒါကော ဗေဒင်ပညာနဲ့ ဘယ်လိုမျိုး ဆက်စပ်နေလဲဆရာ။

ဆက်စပ်တယ် ဘာလဲဆိုတော့ ကျွန်တော်တို့က ကံကိုတော့ မယုံနဲ့ ကံနှင့် ကြမ္မာနဲ့ နှစ်ပိုင်း ရှိတယ်။ ကံကဖန်တီးလို့မရဘူး၊ အတိတ်ကံနဲ့ လာတာ၊ သူက ဒီအတိုင်းသွားဖို့လာတာ။ လူတွေ ဖန်တီးနေတဲ့ လုပ်နေတဲ့ အလုပ်က ကြမ္မာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတယ်ဆိုတဲ့ စကားကြားဖူးမယ်။ ကြမ္မာ၊ ကျွန်တော်တို့က ကံကိုတော့ ပြင်ခွင့်မရှိဘူး။ ကံက သူ့အတိုင်းသူရှိမယ် ဒါပေမဲ့ ကြမ္မာကို ကျွန်တော်တို့က ပြင်တယ်။ ကိုယ့်ရဲ့ ကံကြမ္မာမှာ ကံကို ခဏဖယ်ထား၊ ကြမ္မာကို ကောင်းအောင်လုပ်၊ ဒီအတိုင်း သွားမယ်ဆိုရင် ကံကို အကောင်းဆုံး အသုံးချနိုင်အောင် သွားလို့ရတယ်။

ကံမရှိဘဲနဲ့တော့ ကျွန်တော်တို့ ဘာမှလုပ်လို့တော့ ဘယ်ရမလဲ။ အဲဒီနှစ်ခုကိုတော့ ကံနှင့် ကြမ္မာကို နည်းနည်းခွဲခြား သိရမယ်။ အဲဒီတော့ ကံက လူကြီးတွေပြောတဲ့ အတိတ်ကံ ဆိုတာ ဟုတ်တယ် ရှိတယ်။ အဲဒါက မူရင်း ဇစ်မြစ်ပေ့ါ။ သစ်စေ့လေး တစ်စေ့က သစ်စေ့ဘဲ။ ဒါက သရက်သီးစေ့ဆိုရင် ဒါသရက်ပင် နောက်တစ်ခါ ပေါက်ရင် ဒါကံပေ့ါ။ ဒါပေမဲ့ သရက်ပင် ပုပုလေးလား၊ ရှည်ရှည်လား၊ အသီးကောင်းတဲ့ သရက်ပင်လား၊ အသီး မကောင်းတဲ့ သရက်ပင်လားဆိုတာ စိုက်ပျိုးတဲ့သူကတော့ ဒါကြမ္မာကို ဖန်တီးသူဘဲ။ အဲဒီ ကြမ္မာ ကိုတော့ ဖန်တီးခွင့်ရှိတယ် ကျွနု်ပ်တို့ လူသားမှန်ရင် ကြမ္မာ ဖန်တီးခွင့်ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတယ်။ ကြမ္မာကို ယုံစားခွင့်ရှိတယ်၊ ကံကိုတော့ ထားလိုက် ကိုယ်နဲ့ မပတ်သက်ဘူးလို့ အောက်မေ့လိုက်။

 

ကျွန်တော်တု့ိ ဘဝမှာကြိုးစားနေတဲ့ လူတွေထဲမှာ ကံဆိုးနေတယ်ဆိုတဲ့ အချိန်တွေရှိတာပေ့ါ။

ကံဆိုးတဲ့အခြေအနေကိုပြောရရင်တော့ ကံမကောင်းသေးဘူးပေ့ါ တွတ်ပီစကားလို ဒီနေ့ ကံမကောင်းပါဘူး။ ကံမကောင်းဘူးဆိုတာ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ ကံမကောင်းဘူးကွ ကြမ္မာလေး ကောင်းအောင် ဖန်တီးလိုက်ဦးမယ်လို့ ပြောကြပါ အစားထိုးပြီးတော့ အသုံးချကြည့်ပါ အဆင်ပြေသွားနိုင်ပါတယ်။

 

လူတစ်ယောက်ပေ့ါနော် လုပ်ငန်းတစ်ခုကိုစလုပ်တော့မယ် ဒါမှမဟုတ် ခုဏကပြောသလို ဒုတိယ အကြိမ်ရှုံးနိမ့်ပြီး ပြန်ထတော့မယ်ဆိုတော့ လူတွေကျတော့ကော သူတို့အနေနဲ့ အားမွေးပြီးတော့ စိတ်ထဲမှာ ဘယ်လိုမျိုးအားမွေးပြီးတော့ ရှေ့ဆက်ရမလဲဆရာ။

လဲနေတဲ့ဘဝကနေ ပြန်ထရတာ တော်တော်လေး ခဲရင်းတယ်။ ဘာလဲဆိုသူက ပြန်စရမယ့်နေရာက အစကမဟုတ်ဘူး အလယ်လောက်က စရတော့ တော်တော်ခက်ခဲတယ်။ နောက်ကိုယ့်နေရာမှာလဲ သူတစ်ပါးတွေ ရှိပြီးဖြစ်လိမ့်မယ်။ အဲဒါမျိုးတွေကျတော့ ဘာလုပ်ရမလဲဆိုတော့ အလယ်ကိုပြန်မစနဲ့ အောက်ကနေပြန်စ၊ ဘယ်တော့မှ တစ်ဝက်က လဲနေတဲ့လူကိုပြန်ထူမယ်ဆိုရင် ပထမဆုံးက မက်တပ် တိုက်ရိုက်မထနဲ့ ထိုင်ပြီးမှပြန်ထ အစကနေ ပြန်ပြီးတော့စပါ။ ဘာမဆိုရပ်သွားရင် အစကနေပြီးတော့ ပြန်စပါ။ ငါဒီနေရာရောက်ခဲ့ပြီးပြီး ဒီနေရာကစမယ်ဆိုတာ လုံးဝမစဉ်းစားပါနဲ့  သုညကနေပြန်စပါ။

 

ဒီလောကမှာ လောကဓံကို ရင်ဆိုင်နေရတဲ့သူတွေ ရှိပါတယ်ဆရာ။ အဲဒီလို လောကဓံကို ရင်ဆိုင်ရတဲ့ လူတွေအတွက်ကော ဘယ်လိုမျိုးအားမွေးပြီးတော့ ဘဝကို ရှေ့ဆက်ဖို့ သင့်ပါလဲဆရာ။

ကျွန်တော်ကတော့ လောကဓံကိုတော့ အတော်လေးခံခဲ့ရပါပြီ။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြောရရင်တော့ လောကဓံကို ရင်ဆိုင်တဲ့အခါမှာ အရှုံးမပေးဖို့ဘဲ အရေးကြီးပါတယ်။ အရှုံးမပေးဘူး ဆိုတာကတော့ ကျွန်တော်တို့ လုပ်နိုင်သမျှလုပ်၊ ရုန်းနိုင်သမျှရုန်း၊ တိုးနိုင်သမျှတိုး၊ ရသလောက်တော့ လုပ်ပြီးတော့ ရှေ့သွားလိုက်ပါ။ အဲဒါလောကဓံကို ရင်ဆိုင်တဲ့အခါ ဒီနည်းပဲရှိတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly