တရုတ်နိုင်ငံ ရှင်ကျန်းတွင် ခွဲထွက်ရေးသမားများက ရဲအရာရှိငါးဦးကို ဓားဖြင့်ထိုးသတ်ခဲ့ဟုဆို

တရုတ်နိုင်ငံ ရှင်ကျန်းတွင် ခွဲထွက်ရေးသမားများက ရဲအရာရှိငါးဦးကို ဓားဖြင့်ထိုးသတ်ခဲ့ဟုဆို

ပေကျင်း၊ စက်တင်ဘာ-၂၃ ။           ။ အမေရိကန်အခြေစိုက် လွတ်လပ်သောအာရှအသံ၏ စက်တင်ဘာ ၂၃ရက်နေ့က သတင်းပို့ချက်အရ တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုများဖြစ်ပွားလေ့ရှိရာ အနောက်ဖျား ရှင်ကျန်းဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ခွဲထွက်ရေးသမားများက အနည်းဆုံး ရဲအရာရှိ ၅ဦးကို ဓားဖြင့် အသေထိုးသတ်ခဲ့သည်ဟု ဆိုသည်။

နယ်မြေခံရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ် သောကြာနေ့က အက်ဆုရှိ ဆိုဂန်ကျောက်မီးသွေးတွင်းတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒါဇင်ပေါင်းများစွာမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

လွတ်လပ်သောအာရှအသံ၏ အစိုးရကြေညာချက်ကို ကိုးကားဖော်ပြချက်အရ တရုတ်နိုင်ငံ၏ ကျောင်းမီးသွေးကွင်းရှိ ကျောက်မီးသွေးတွင်းပိုင်ရှင်များနှင့် ရဲအရာရှိများကို ခွဲထွက်ရေးသမားများက အချိန်ယူ အကွက်ချပြင်ဆင်ပြီး ပြုလုပ်သည့် အကြီးစားတိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရှင်ကျန်းပြည်နယ်အစိုးရနှင့် လူထုလုံခြုံရေးဌာနများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။ ထိုကဲ့သို့သော ဖြစ်ရပ်များကို နိုင်ငံခြားမီဒီယာများတွင် မကြာခဏဖော်ပြလာခဲ့သော်လည်း အမြဲတမ်းလိုလို တရုတ်အစိုးရက ရက်ပေါင်းများစွာကြာမြင့်သည်အထိ အတည်ပြုခြင်းမရှိပေ။

လွတ်လပ်သောအာရှအသံ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပိုးလမ်းမဟောင်း မြို့တစ်မြို့ဖြစ်သည့် ကက်ရှ်ဂါရှိ ယာဉ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ဝီဂါတိုင်းရင်းသားများက ဓားများ၊ ဗုံးများဖြင့် ရဲများကို တိုက်ခိုက်ရာမှ အနည်းဆုံး လူ ၁၈ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သို့ရာတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို တရုတ်အစိုးရက အတည်ပြုလေ့မရှိခဲ့သော်လည်း သံတမန်များကမူ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။  

ဒေသခံဌာနေသားဟု သူတို့ကိုယ်သူတို့ သတ်မှတ်ထားသည့် မွတ်စလင် ဝီဂါများနှင့် ဟန်တရုတ်များကြား တင်းမာမှုများက မကြာသေးမီနှစ်များအတွင်း သွေးမြေကျရသည့် ပဋိပက္ခများကို ဖြစ်ပွားစေခဲ့သည်။ ဒေသတစ်လွှား အကြမ်းဖက်မှုများအတွင်း လူရာပေါင်းများစွာ အသတ်ခံခဲ့ရရာ ပေကျင်းက အစ္စလာမ်စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။

ပြည်နှင်ခံ ဝီဂါအုပ်စုများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ ရှင်ကျန်းတွင် အစ္စလာမ်နှင့် ဝီဂါယဉ်ကျေးမှုကို ထိန်းချုပ်ကန့်သတ်ခြင်းများအပါအဝင် အစိုးရ၏ ဖိနှိပ်သောပေါ်လစီများက မငြိမ်မသက်ဖြစ်စေရန် ဆွပေးနေသည်ဟု ပြောကြားသော်လည်း ပေကျင်းကမူ ယင်းအချက်ကို ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly