၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာနှင့်အဝန်းတွင် အမျိုးသမီးအကျဉ်းသား အရေအတွက် သိသာသာ မြင့်မားလာဟုဆို

၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာနှင့်အဝန်းတွင် အမျိုးသမီးအကျဉ်းသား အရေအတွက် သိသာသာ မြင့်မားလာဟုဆို

လန်ဒန်၊ စက်တင်ဘာ-၂၃ ။          ။ လန်ဒန်အခြေစိုက် ရာဇဝတ်မှုဆိုင်ရာ ပေါ်လစီသုတေသနအင်စတီကျု၏ အစီရင်ခံစာအရ ကမ္ဘာနှင့်အဝန်းတွင် အမျိုးသမီးနှင့် မိန်းခလေးငယ် ၇၀၀၀၀၀ကျော်မှာ အကျဉ်းထောင်များတွင် အထိန်းသိမ်းခံနေရသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ၅၀ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းပင်ဖြစ်ပြီး အမျိုးသားအကျဉ်းသားဦးရေ တိုးတက်မှုနှုန်းထက်ပင် ကျော်လွန်နေသည်ဟု ဆိုသည်။

အမေရိကန်၊ တရုတ်နှင့် ရုရှ သုံးနိုင်ငံရှိ အမျိုးသမီးအကျဉ်းသားအရေအတွက်မှာ တစ်ကမ္ဘာလုံးအရေအတွက်၏ ထက်ဝက်နီးပါးရှိသည်ဟု ဆိုသည်။  

သုတေသီများကမူ ၎င်းတို့၏ သုတေသနရလဒ်ကို ကမ္ဘာနှင့်အဝန်းမှ အစိုးရကများက အလေးအနက်ထားသင့်ကြောင်းနှင့် အမျိုးသမီးနှင့် မိန်းခလေးငယ်များမှာ ရာဇဝတ်မှု ကျူးလွန်ခံရလွယ်ပြီး၊ မိမိတို့ကိုယ်မိမိလည်း တလွဲအသုံးချလွယ်သည့် ထိခိုက်လွယ်အားနွဲ့သော အုပ်စုဖြစ်ကြောင်း အဆိုပါ အင်စတီကျု၏ တွဲဖက်ဒါရိုက်တာ ဒေါက်တာ ဂျက်စီကာ ဂျက်ကော့ဆန်က ပြောကြားခဲ့သည်။

အစီရင်ခံစာကို နိုင်ငံပေါင်း ၂၁၉နိုင်ငံမှ အချက်အလက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။

အချို့နိုင်ငံများက အရေအတွက်အတိအကျကို ထုတ်မပြောဘဲ၊ တရုတ်နိုင်ငံ၏ အချက်အလက်များမှာလည်း မပြည့်စုံသောကြောင့် ထောင်သွင်းအကျဉ်းကျခံနေရသည့် အမျိုးသမီးနှင့် မိန်းခလေးငယ်အရေအတွက်မှာ ထို့ထက်မြင့်မားဖွယ်ရာရှိသည်ဟုလည်း သုတေသီများက ပြောကြားသည်။

အာဖရိကနိုင်ငံများတွင် အမျိုးသမီးအကျဉ်းသားအရေအတွက်မှာ အချိုးအားဖြင့် အနိမ့်ဆုံးဖြစ်သော်လည်း အယ်ဆာဗေဒို၊ ဘရာဇီး၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်မူ သိသိသာသာ မြင့်တက်လာနေသည်ကို တွေ့နေရသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly