စစ်ကိုင်း၊ ထန်းကုန်းမြို့စျေးအနီး အင်န်အယ်လ်ဒီပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ၍ အမှုဖွင့်မည်

စစ်ကိုင်း၊ ထန်းကုန်းမြို့စျေးအနီး အင်န်အယ်လ်ဒီပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ၍ အမှုဖွင့်မည်

မန္တလေး၊ စက်တင်ဘာ ၂၃ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထန်းကုန်းမြို့ဈေးအနီးတွင် ထောင်ထားသည့် ပါတီများ၏ ဆိုင်းဘုတ်များအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီဆိုင်းဘုတ် စက်တင်ဘာ ၂၃-ရက်က ဖျက်ဆီးခံရသဖြင့် အမှုဖွင့်သွားမည်ဟု အင်န်အယ်လ်ဒီပါတီမှ အမှတ်(၁)မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးချစ်က မဇ္ဈိမကိုပြောသည်။

“စည်းရုံးရေးဆင်းရာမှာ တခြားဘာအခက်အခဲမှ မရှိခဲ့ဘူး။ ဒါပေမယ့် ထန်းကုန်းစည်ပင်သာယာဈေး အနောက်ဘက်မှာ ကိုယ်စားလှယ်လောင်းတွေ ဓါတ်ပုံပါတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖျက်ဆီးခံလိုက်ရတယ်။ သေချာကို ဓါးနဲ့ ဖျက်ဆီးသွားတယ်လို့ ယူဆတယ်။ ခုလိုလုပ်တာကို ဥပဒေကြောင်းအရ အမှုဖွင့်ဖို့ လုပ်နေပါတယ်။” ဟု ၎င်းက  ပြောသည်။

အဆိုပါနေရာတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် NLD ပါတီဆိုင်းဘုတ်နှစ်ခု စိုက်ထူထားခြင်းဖြစ်ပြီး ၎င်းတို့ NLD ပါတီ၏ ၉-ပေ×၅-ပေ ဆိုင်းဘုတ်ကိုသာ ဖျက်ဆီးခံရခြင်းဖြစ်သည်။ ယင်းအပြင် ထန်းကုန်းတွင် ပါတီ ၅-ခုရှိပြီး
မဲဆွယ်စည်းရုံးရေး ကာလတွင် ပါတီအသီးသီးက ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူထားကြောင်းသိရသည်။

“အမှုဖွင့်တယ်ဆိုတာ တရားရုံးကို ဦးတိုက်လျှောက်ရမှာဖြစ်ပါတယ်။ တရားရုံးကနေမှ ပြန်ပြီး ရဲကို လွှဲပေးမှာဖြစ်တယ်။ အဲဒီကျမှ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ အမှူဖွင့်ရင် ကျွန်တော်တို့စခန်းမှာ ဖွင့်လို့မရလို့ ဇီးကုန်းရဲစခန်းကို သွားဖို့ပြောထားတယ်။”ဟု ထန်းကုန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

အမှူဖွင့်ရာတွင် တရားမကျင့်ထုံး ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀၊ တရားရုံးလက်စွဲ ၄၂၅ အရ တရားရုံးက ဦးတိုက် လျှောက်ရကြောင်း၊ ကျင့်ထုံးပုဒ်မ ၁၅၅ အရ ရဲစခန်းက ဦးတိုက်လျှောက်ရန် ကဖ ပုံစံကို ပို့ပေး ရကြောင်း ထို့ နောက် ကျင့်ထုံးပုဒ်မ ၂၀၂ အရ ရဲကို ပြန်လည် စိစစ်စေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ထန်းကုန်းမြို့နယ်မှ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် ပါတီ ငါးခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သာ ဖျက်ဆီးခံခဲ့ရသည်။ အလားတူဖြစ်ရပ်မျိုး စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် နှင့် ရှမ်းပြည်နယ် နမ့်ဆန်မြို့တို့တွင်လည်း ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly