မြန်မာ-တရုတ် တပ်မတော်ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး

မြန်မာ-တရုတ် တပ်မတော်ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။ ။ မြန်မာတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan တို့ စက်တင်ဘာ ၂၁ ရက်က နှစ်နိုင်ငံတပ်မတော်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၃ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုအခြေအနေ၊ အနာဂါတ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသနေပြည်သူများ အေးချမ်းစွာ ကူးလူးဆက်ဆံနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းအတွက် တရုတ် ယွမ်ငွေ ၁၀ သန်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် Admiral Sun Jiangou ကပေးအပ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်မှတ်ရေးထိုးလက်ခံခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော အဖွဲ့သည် ပေကျင်းမြို့ရှိ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDU) သို့လည်း သွားရောက် လေ့လာခဲ့သည်။
ခရီးစဉ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားပြီး မြန်မာစစ်သံရုံးသို့သွားရောက်၍ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် မိသားစုများအား တွေ့ဆုံခဲ့သည်။

Ref: myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly