အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုနှင့် အလုပ်ရှင် အလုပ်သမားတို့ အခက်အခဲ ဘယ်လိုဖြစ်လာမလဲ

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုနှင့် အလုပ်ရှင် အလုပ်သမားတို့ အခက်အခဲ ဘယ်လိုဖြစ်လာမလဲ
လှိုင်သာမြို့နယ် Master Sports ဖိနပ်စက်ရုံ အလုပ်သမားများ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရန် ၁၇ ဂျူလိုင် ၂၀၁၄ က တောင်းဆိုနေစဉ်။ ဓာတ်ပုံ ဘိုဘို

ရန်ကုန်၊ စက်တင်ဘာ ၂၃။                 ။ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ်ကို စက်တင်ဘာလ အစောပိုင်းမှာ အတည်ပြုပြီးတဲ့နောက် အထည်ချုပ်လုပ်ငန်းကဲ့သို့ လုပ်သားအရေအတွက် အများဆုံးအသုံးပြုရသည့် စက်ရုံများ ဆက်လက် လည်ပတ်ရန် ရုန်းကန်နေရပြီး အကောင်းဆုံး ပုံစံရောက်အောင် အချိန်ယူသွားရမယ်လို့ လုပ်ငန်းရှင်များက ပြောသည်။

“ကိုယ့် လုပ်သားအရေအတွက်ကို ထိန်းထားဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်၊ ဒါပေမယ့် အထည်ချုပ်ရဲ့ တိုးတက်နေတဲ့နှုန်းက ခြောက်လလောက် ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ပထမခြောက်လ လောက်ကတော့ ကျွန်တော်တို့လည်း အလဲလဲအကွဲကွဲပါပဲ” ဟု လက်ဝါး ကုမ္ပဏီများ အုပ်စု ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အနိမ့်ဆုံး လုပ်ခလစာငွေ ၃၆၀၀ သည် စက်မှုဇုန်များနှင့်  အခြေခံလုပ်သား ဈေးကွက်တွင် အပြောအများဆုံး သတင်းတစ်ခုဖြစ်ခဲ့သည်။ အခြေခံလစာ အတည်မပြုခင် ဇူလိုင်လဆန်းပိုင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အလုပ်ရုံများဖြစ်သည့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းဖို့အထိ ကန့်ကွက်သည့် အခြေအနေအထိ ပေါ်ပေါက်လာခဲ့သည်။

တစ်ချိန်တည်းတွင် လုပ်သားလျှော့ချမှု၊ အလုပ်ရှင်နှင့်  လုပ်သားကြား ပြေလည်သည့် အခြေအနေအထိ ရောက်အောင် ညှိနှိုင်းရခြင်း စသည့် အချက်အလက်များသည် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးနောက် ပေါ်ပေါက်လာသည့် အခြေအနေများဖြစ်သည်။

“စက်ရုံတစ်ရုံ ပိတ်ဖို့ဆိုတာ စက်ရုံလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သူအနှစ်နှစ်အလလ စုဆောင်းတဲ့ သူ့ရဲ့ သားသမီးလိုပေါ့လေ။ အနှစ်နှစ်အလလ သူတည်ထောင်ထားတဲ့ ဒီလုပ်ငန်းတစ်ခုကို ချက်ချင်း ပိတ်ပစ်ဖို့ ဆိုတာ ဒါ ကျတော်တို့ အရမ်းခက်ခဲပါတယ်” ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင့် အတွင်းရေးမှူး ဦးအောင်ကိုဝင်းက ပြောသည်။

စက်ရုံ အလုပ်ရုံတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲရှိနေသလို အခြားတစ်ဘက်တွင်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ခံနေရတဲ့ စက်ရုံလုပ်သားများ၏ အခက်အခဲကလည်း တစ်ပုံ တစ်ပင်ရှိနေသည်။

“၃၆၀၀ မရခင်တုန်းကတော့ လစာကလေ ၆ သောင်းခွဲပဲရတယ်။ အချိန်ပိုနဲ့ ဆိုရင်တော့ ၉၀၀၀၀ ကျော်လောက် ရတာပေါ့။ ၃၆၀၀ ရမယ်ဆိုရင်တော့ အမတို့တွက်ထားတာပေါ့နော်။ တစ်သိန်းနဲ့ အကြမ်းဖျင်း တစ်သိန်းနဲ့ ရှစ်ထောင်ရမယ်လေ၊ အဲ့ဒီလစာကို ပြီးလို့ရှိရင် အချိန်ပိုကလည်း အခုတစ်နာရီကို ၉၀၀ ဆိုတော့ အမတို့အနေနဲ့ တစ်သိန်းခွဲ ကျော်ကျော်လောက် အဆင်ပြေမှာပေါ့။ အမတို့ နည်းနည်း ခံသာတာပေါ့” ဟု စက်မှုဇုန် အလုပ်သမ တစ်ဦးဖြစ်သူ မဆွေဆွေဝင်းက ပြောသည်။

အလုပ်သမားများဘက်မှ ကြည့်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ အလုပ်ရှင်များဘက်မှ ကြည့်ပါက လုပ်ငန်း လည်ပတ်နိုင်စွမ်းနှင့် ထုတ်ကုန်ရောင်းချနိုင်မှု အခြေအနေနည်းပါးနေသည့် လိုအပ်ချက်များကို ထိန်းညှိရန် လိုအပ်လျက်ရှိနေသည်။

“တစ်ချို့ လုပ်ငန်းရှင်များသည် လက်ရှိ ဝယ်သူပေါ့ အထည်ချုပ်မှာ ဝယ်သူလည်း ကောင်းဖို့လိုတယ်။ နောက်ပြီးတော့ ချုပ်တဲ့ကာလ သတ်မှတ်ချက်ရှိတယ် အဲဒီ့တော့ အော်ဒါကတော့ ကောင်းရင် ကောင်းသလိုတော့ ဆရာတို့ ကလေးတွေက ချုပ်ကြရပါတယ်။ တချို့ကျကတော့လည်း အော်ဒါမကောင်းဘူးပေါ့” ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိကဆိုသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ပေါ်ပေါက်လာသည့် အခက်အခဲများဖြစ်သည်။ လုပ်ငန်းရှင်များဘက်က လုပ်ငန်းရပ်ဆိုင်းမသွားအောင် ရုန်းကန်နေကြရသကဲ့သို့ အလုပ်သမားများ ဘက်ကလည်း ရပ်တည်၍ မရသည့် အခြေအနေများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အချိန် သုံးနှစ်ယူကာ အကြေအလည် ဆွေးနွေးခဲ့ရသည့် အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မှုသည် မြန်မာ့ စီးပွားရေးကို မည်သို့ မည်ပုံ ပြောင်းလဲသွားစေမည်လဲ ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly