တရုတ်သမ္မတရှီကျင့်ဖျင် အမေရိကန်သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင် အမေရိကန်သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင်သည် အမေရိကန်နိုင်ငံသို့ ပထမဆုံးနိုင်ငံတော် အလည်အပတ်ခရီးစဉ်အဖြစ် ဆီယက်တယ်သို့ စတင်ရောက်ရှိပြီဖြစ်သည်။

ဆီယက်တယ်တွင် စီးပွားရေးနှင့် နည်းပညာအကြီးအကဲများနှင့် တွေ့ဆုံကာ သုံးရက်တာနေထိုင်ပြီးနောက် သမ္မတရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဝါရှင်တန်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

သမ္မရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို တရုတ်၏ သူလျှိုလုပ်ခြင်းများက အကျည်းတန်စေသည်ဟု အမေရိကန်ဖက်က ပြောဆိုထားသည့် ဆိုင်ဘာလုံခြုံရေးကိစ္စရပ်ကို ဦးစားပေးဆွေးနွေးကြမည့် အကြောင်းအရာဖြစ်လာမည်ဖြစ်သည်။

အမေရိကန်ကုမ္ပဏီအား ကွန်ပြူတာဖောက်ထွင်းဟက်ကာလုပ်ခြင်းများတွင် တရုတ်အစိုးရ၏ နောက်ကွယ်က ပါဝင်မှု တစ်စိုးတစ်စိမျှ မရှိကြောင်း ရှီကျင့်ဖျင်က စက်တင်ဘာ ၂၁ ရက်က ငြင်းဆန်ထားသည်။

ဟက်ကာဖောက်ထွင်းခြင်းနှင့် ဆိုင်ဘာသူလျှိုလုပ်ခြင်းတို့သည် တရားမဝင်သည့် လုပ်ရပ်များဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ခိုးယူခြင်းတွင်း လုံးဝပါဝင်ခြင်းမရှိကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက် ဝေါစထရိတ်ဂျာနယ်ပါဆောင်းပါးတွင် ရေးသားထားသည်။

သို့သော်လည်း အမေရိကန်၏ လျှို့ဝှက်ချက်များ ဆိုင်ဘာတိုက်ခိုက်ခိုးယူခံရခြင်းအရေးတွင် အမေရိကန်နှင့် ပူးပေါင်းခိုင်မာစွာ လက်တွဲဖော်ထုတ်သွားရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း ပြောထား သည်။

တရုတ်ကျောထောက်နောက်ခံပြုသည့် ဟက်ကာပြုလုပ်ခြင်းများသည် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ရေရှည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အားနည်းသွားစေလျက်ရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်က စက်တင်ဘာ ၂၁ ရက်က ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly