ဒေါ်စုပြောတဲ့ မူဝါဒ သဘောထား ဘာထူးခြားသလဲ

ဒေါ်စုပြောတဲ့ မူဝါဒ သဘောထား ဘာထူးခြားသလဲ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စတာတွေကို စက်တင်ဘာ ၂၁ ရက် ညပိုင်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစီအစဉ် ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ရှေ့ပိုင်းရက်တွေမှာ ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ အတော်များများရဲ့ မူဝါဒ၊ သဘောထားတွေ ထုတ်ပြန်ကြေညာတာ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဟောပြောမှု ကတော့ စောင့်ကြည့်သူ အလွန်များတာ တွေ့ကြရပါတယ်။ တချို့မြို့တွေမှာ LCD ဘုတ်ကြီးတွေက ပြတာကို ပြည်သူတွေ ဝိုင်းကြည့်ကြတာ ရှိသလို အွန်လိုင်းကနေ ကြည့်သူ တွေလည်း အလွန်များပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေမှာ ဘာတွေ ထူးခြားတာ တွေ ပါသလဲဆိုတာ ဒီကနေ့ လေ့လာ တင်ပြသွားပါ့မယ်။

ပထမတစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ပါ။ အင်န်အယ်လ်ဒီအနေနဲ့ သိပ်မကြာ ခင် ရေးထိုးဖွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ် ရပ်စာချုပ် လက်မှတ်ရေးထိုးရေးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ ဆိုပါတယ်။ အပစ်ရပ် စာချုပ် ရေးထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်မယ့် ကာလနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော တာက “ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တာဝန်ယူ ဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမဲ့ အစိုးရပဲ ဖြစ်ပါ တယ်။ ပြည်သူက လိုလားထောက်ခံ ခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထမ်းဆောင်ဖို့ အသင့်ဖြစ်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒီတစ်ချက်ကတော့ လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ရေးထိုးမယ့် အပစ် ရပ်စာချုပ်ပါ အချက်နဲ့ ကွဲလွဲနေတာ တွေ့ရပါတယ်။ လက်ရှိ နှစ်ဘက် သဘောတူထားတဲ့ အပစ် ရပ်စာချုပ်ထဲမှာ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင် အောင် မူဘောင် ရေးဆွဲကြရပါလိမ့်မယ်။ အဲဒီ ရေးဆွဲထားတဲ့ မူဘောင်နဲ့အညီ လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အတွင်းနိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ရမယ်လို့ ပါဝင်ပါတယ်။ ဒီအတွက် လာမယ့် အောက်တိုဘာလ လယ်လောက်မှာ လက်မှတ်ရေးထိုးဖြစ်ခဲ့ရင် ဒီဇင်ဘာလ လယ်မှာ မူဘောင် ဆွေးနွေးပွဲတွေ အပြီး သတ်ပါပြီ။ ဇန်နဝါရီလ လယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ စ တင်နေပြီဆိုတဲ့ သဘော ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီအမတ် အများအပြား အနိုင် ရ၊ ပြည်ထောင်စုလွှတ်တော် ရောက်သွားပြီး သမ္မတ တစ်ယောက် တင်နိုင်၊ အစိုးရဖွဲ့နိုင်တယ် ဆိုရင်တောင် အစိုးရတာဝန်တွေကို ၂၀၁၆ မတ်လ အကုန် ဒါမှမဟုတ် မေလဆန်းမှ ရယူနိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲ အစီအစဉ်တွေ ကျင်းပနေပြီဆိုတဲ့ သဘော သက်ရောက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တင်ပြချက်ထဲမှာ နောက်ထပ် ထူးခြားချက်တစ်ခုက နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနေစဉ် တစ်ချိန်တည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ကိုင်သွားဖို့ ဖြစ်ပါတယ်။ ဒေါ်စုက “ပြည်တွင်းစစ် ရပ်စဲသွားဖို့အတွက် အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်သွားရန် လိုကြောင်း၊ ပထမအဆင့်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်မှာ နိုင်ငံ ရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာရေး၊ တတိယအဆင့်မှာတော့ ပင်လုံအခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံရေးပဲ ဖြစ်ပါ တယ်။

အခုအချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေဖို့အတွက် သဘောတူညီ စာချုပ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင်မယ့် အလားအလာ ရှိနေတာကြောင့် ပြည်သူပြည်သားတွေ ဝမ်းသာစွာ စောင့်မျှော်နေကြပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ဟာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားယုံကြည်မှု တို့ပေါ်မှာ အခြေခံတဲ့၊ တည်တံ့ခိုင်မြဲမယ့် သဘောတူညီချက် ဖြစ်ဖို့ရာက အဓိက ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ် အောင်မြင်စွာ သဘောတူလက်မှတ် ရေးထိုးပြီးတဲ့အခါမှာ၊ ဒီမိုကရေ စီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ် ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည် ဖော်ရပါမယ်။ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တစ်ပြိုင်တည်း လုပ်သွားဖို့ လိုပါတယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီအချက်ဟာ သမ္မတ ဦးသိန်းစိန် တစ်လျှောက်လုံး စွဲကိုင်ခဲ့တဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒအဖြစ် ဆုပ်ကိုင်ထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ ကျင်းပပြီးမှ၊ ဆွေးနွေးပွဲက ရလာမယ့် ရလဒ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ ပြင်ကြမယ်ဆိုတာနဲ့ မတူပါဘူး။ ပြည်ခိုင်ဖြိုးဘက်က ဖွဲ့စည်းပုံ ပြင်မယ့် အချိန်ဟာ ကြာဦးမှာဖြစ်ပြီး ဘယ်အချိန်လဲ ဆိုတာ မှန်းဆလို့ မရပါဘူး။ အင်န်အယ်လ် ဒီကတော့နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေချိန်နဲ့ တစ်ပြိုင်တည်း ပြင်ရမယ်လို့ တင်ပြတာပါ။

နောက်ဆုံး ထူးခြားတာက တပ်မတော်နဲ့ ဆက်ဆံရေးပါ။ ဒေါ်စုက “အဖွဲ့ချုပ်ဟာ မြန်မာ့ တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့အညီ၊ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေ လေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်း ရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့်၊ နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီ အရေး အတွက် အပြန်အလှန် ယုံကြည်လေးစားစွာပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ပြောင်းလဲရေး မှာလည်းနိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်း မှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူ လုပ်ဆောင်ချင်ပါတယ်” ဆိုပြီး တင်ပြပါ တယ်။

တပ်မတော်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က နောက်ဆုံး ရှိထားတဲ့ သဘောထားဟာ ပုဒ်မ ၄၃၆ ပြင်ရေးပါ။ တပ်မတော်ကို စစ်တန်းလျားကို ဂုဏ်သိက္ခာ ရှိရှိ ပြန်စေချင်တယ်လို့ ဆိုထားပါတယ်။ အခု အဲဒီသဘောထားကို ရုပ်သိမ်းလိုက်ပြီလို့ ပြောဆို မထားပေမယ့် တပ်မတော်နဲ့ အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ် လို့ ဆိုထားတာကြောင့် တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်ဆိုတဲ့ သဘော မျိုး သက်ရောက်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီရဲ့ တပ်မတော် အပေါ် သဘောထားဟာ အလွန် အရေးကြီးပါတယ်။ တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရ၊ ပြည်ထောင်စု လွှတ်တော်ထဲရောက် သမ္မတ တစ်ယောက် တင်နိုင်၊ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အကူးအပြောင်းကာလ အဆင်ပြေ ချောမွေ့ရေးဆိုတာ အဲဒီ တပ်မတော်အပေါ် သဘောထားနဲ့ တိုက်ရိုက် သက်ဆိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags