အင်တာနက် လူမှုကွန်ရက်ပေါ်က မဲဆွယ်စည်းရုံးရေး အခြေအနေများ

အင်တာနက် လူမှုကွန်ရက်ပေါ်က မဲဆွယ်စည်းရုံးရေး အခြေအနေများ

ယခုတလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲဆိုင်ရာ သဘောထား တင်ပြမှုများကို ဆက်တိုက်ဆိုသလို တွေ့နေကြရပါသည်။ တိုင်းပြည် စီမံအုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိ သူများရဲ့ လှုပ်ရှားသွားလာမှု၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ အသွားအလာနှင့် ပြောဆိုမှုများကိုလည်း တွေ့ကြရသည်။ အထူးသဖြင့် ရွေးကောက်ခံကြမည့် လွှတ်တော် အရပ်ရပ်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများရဲ့ ပြောမှုဆိုမှု စည်းရုံးမှုဆိုင်ရာ အဆိုအမိန့်များ၊ ကောက်ချက် အမြင် များအပေါ် တခြားသူများက ထပ်မံ သဘောထားပေး ရေးသားဖော်ပြကြသည့် စာမျက်နှာများမှာ စိတ်ဝင်စားဖို့ ကောင်းသည်ကို တွေ့ရပါသည်။

မနေ့ကဆိုလျှင် သမ္မတရုံး စာမျက်နှာပေါ်တွင် ဖော်ပြသည့် နိုင်ငံတော်သမ္မတကြီး၏ မိတ္ထီလာ မြို့ ဘုရားအနေကဇာတင် အခမ်းအနားနှင့် ကြိုဆိုသူလူထု တွဲလျက်ဓာတ်ပုံကို ဖော်ပြရာ၌ ဓာတ်ပုံ ပညာဖြင့် ပြင်ဆင်ဖော်ပြထားသည့် ဓာတ်ပုံဖြစ်သည်ဟုဆိုကာ ဝေဖန်ပြစ်တင်သည့် စာများကို ဖတ်ခဲ့ ကြရပါသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကမူ အကယ်၍ သူသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ရှိသော် သာသနာ့ဘောင်သို့ အပြီးအပိုင် ဝင်ရောက်တော့မည်သာ ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြပြောဆိုသဖြင့် သာသနာ့ဘောင်သို့ ဝင်လိုပါက ရွေးကောက် ပွဲပင်လျှင် မဝင်သင့်တော့ကြောင်း ယခုကတည်းက သာသနာ့ဘောင် ဝင်ရန်သင့်ကြောင်း တိုက်တွန်း သံများ ဖတ်လိုက်ကြရပါသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကမူ သူ့ပါတီနှင့် ပြိုင်ဘက်ပါတီကြီး တစ်ခုက အသက်ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများကို ကိုယ်စားလှယ်လောင်းအဖြစ် ပွဲထုတ်လာသည်ကို တန်ပြန် စစ်ဆင်ရေးသဘောအရ သူ၏ သမီးပျိုနှစ်ယောက်ကို ခြံရံလျက် မဲဆွယ်စည်းရုံးရေး ဆင်းမည် ဖြစ်ကြောင်း သမီးပျိုနှစ်ဦးနှင့် တွဲရိုက်ထားသည့် ပုံနှင့်တကွ သူ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြ လာခဲ့၏။ ထိုအခါ လူအများစုက ဝိုင်းဝန်းရယ်မော ပြစ်တင်သည်ကိုလည်း ဖတ်ကြရပါသည်။

သည်အထဲ၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည်မူ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များကို ဖေါ်ပြလေ့ ရှိသော်လည်း မည်သို့ ပြောဆို စည်းရုံးသည်၊ မိမိတို့ ရဲ့သဘောထား အယူအဆ အစရှိသည်များကို အများအားဖြင့် ဖော်ပြသည်ကို မတွေ့ရချေ။

ယင်းလွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ မီဒီယာများနှင့် တွေ့ဆုံပြောဆိုခြင်း မပြုရဟူ သည့် ယင်းတို့ပါတီဗဟိုမှ ညွှန်ကြားချက်ကို လိုက်နာနေကြရဟန် တူပါသည်။ သည်လိုဆိုပြန်တော့ လည်း ယင်းကိုယ်စားလှယ်လောင်း၏ အပြောအဆို အယူအဆ အခြေအနေ အမှန်များကို မဲဆန္ဒရှင် များက အကဲခတ်လို့ မရနိုင်အောင် ဖြစ်စေသည်ဟု ယူဆမိသည်။

အမှန်အားဖြင့် ဆိုလျှင်  လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ကိုယ်စွမ်းကိုယ်စ နှင့် သဘောထားအယူအဆ အခြေအနေများကို ယခုလို မဲဆွယ်စည်းရုံးရေး ကာလမျိုးတွင်မှ မဲဆန္ဒ ရှင်များက အကဲခတ်ကြရခြင်း ဖြစ်သည်။ ယခုတော့ မဲဆန္ဒရှင်များသည် မိမိတို့၏ ကိုယ်စားလှယ် လောင်းများ၏ အခြေအနေထက် သူကိုယ်စား ပြုသည့် ပါတီ၏ အခြေအနေအပေါ် မူတည်ပြီးမှသာ မဲပေးရတော့မည် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှု နည်းနာတချို့ကလည်း အနည်းငယ်တော့ ရီစရာကောင်းနေသည်ကို ကြားကြရပါသည်။ တချို့သော လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ဒန်ပေါက်ကျွေး လူစုပြီးမှ မဲဆွယ်စည်းရုံးရေး လုပ်ကြ သည်ကို တွေ့ရပါသည်။ တက်ရောက်လာသည့် ပရိသတ်ကို ငွေပေး၍ ပွဲဖြစ်အောင် ဆောင်ရွက်ကြ သည်များကို တွေ့ကြရပါသည်။

ယခုလို မဲဆွယ်စည်းရုံးရေးကာလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှု သတင်းများကို အင်တာနက် လူမှုစာမျက်နှာပေါ်တွင် မြင်နေကြားနေကြသည်မှာ ကောင်းပါသည်။ သို့သော် ဒီမိုကရေစီ အတွေ့အကြုံ အင်မတန် နုနယ်ဆင်းရဲလှသည့် မြန်မာလူထုအဖို့ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖို့လည်းကောင်း သည့်ထက် ပိုမိုမြင့်မား၊ ရိုးသားသည့် သတင်း အချက်အလက်များကိုသာ အားကိုးအားထားကြဖို့ တိုက်တွန်းအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags