မန်စီတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ပြေးဒုက္ခသည် ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မန်စီတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ပြေးဒုက္ခသည် ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ချင်းမိုင်၊ စက်တင်ဘာ ၂၂ ။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကျေးရွာ ၅ ရွာမှ ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မိုင်းခေါင်း ဒုက္ခသည်စခန်းတာဝန်ခံ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ဓမ္မဆရာ ဒမောင်နော်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေ မန်စီမြို့နယ် လိုင်ကာဇွပ်ဂျာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားလာသဖြင့် လိုင်ကာဇွပ်ဂျာ (laika zup Ja)၊ မုန်းလူ(Mung lu)၊ ဂျေဆောင်(Jesawn)နှင့် ဖဂါရိုင်(Hpaga Rai)၊ ကုန်းခါးပါ စသည့် ကျေးရွာများမှ အိမ်ထောင်စု ၆၂ ခု ရွာသား ၂၀၆ ဦးတို့သည် စက်တင်ဘာလ ၂၀ ရက်မှစ၍ မိုင်းခေါင် ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခြင်း ဖြစ်သည်။

“၂၀ ရက်က ကျနော်တို့သွားခေါ်ယူခဲ့တယ်။ တိုက်ပွဲဖြစ်လာတော့ KIA အစိုးရနဲ့ ညှိနှိုင်းပြီးတော့ တောလမ်းကနေ ခေါ်ယူခဲ့တာ။ ၂၂ ဦးက ထပ်ခေါ်ရဦးမယ်။ သူတို့က ရွာထဲမှာပဲ ရှိနေသေးတယ်”ဟု ဆရာဒမောင်နော်က မဇ္ဈိမကို ပြောသည်။

မိုင်းခေါင် ဒုက္ခသည်စခန်းတွင် မူလက စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော်ရှိရာမှ လက်ရှိ စစ်ပြေးဒုက္ခသည် ၂၀၆ ဦး အပါအဝင် စုစုပေါင်း ၁၃၀၀ ကျော်အား KBC ကူညီစောင့်ရှောက်ပေးနေရသည်ဟု သူက ပြောသည်။

လက်ရှိတွင် စစ်ပြေးဒုက္ခသည်များ နေရာထိုင်ခင်း နှင့် အစားအသောက်များ အခက်အခဲ ရှိနေသည်ဟု ဆရာဒမောင်နော်က ဆက်လက် ပြောဆိုသည်။

“WFP ကို ထပ်အကူအညီတောင်းဦးမယ်။ နေရာက ဘာသာရေးက နေအိမ်တွေမှာ။ ဟောခန်းတွေ၊ စတိတ်စင်တွေမှာ နေခိုင်းထားတယ်။ အစားအသောက်အတွက် ငွေရေးကြေးရေးတွေ လိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်ထိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်နေသဖြင့် ရွာသားများသည် စက်တင်ဘာလ ၂၀ရက် ကစပြီး ထွက်ပြေးတိမ်းရှောင်သွားပြီဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီမနက်က မိုင်းခေါင်ရွာနားမှာ ဗုံးပေါက်ကွဲပြီးတော့ မွန်းလွဲပိုင်းကနေ လိုင်ကာဇွပ်ဂျာရွာအနီးမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတော့ တိုက်ပွဲ ဖြစ်နေတယ်၊ ၆ ယောက် ထိတယ်ပြောတယ်။ ကျနော်တို့ ဗုံးထောင်ထားတာ နင်းမိတယ်ထင်တယ်၊ ရွာသားတွေက အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာကတည်းက ထွက်ပြေးသွားပြီ” ဟု သူက မဇ္ဈိမကိုပြောသည်။

ထိုက်ပွဲဖြစ်ပွားနေသော စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက မန်စိမြို့နယ် မိုင်းခေါင်ကျေးရွာအနီး ဗုံးပေါက်ကွဲမှုတွင် မြန်မာအစိုးရ စစ်တပ်ဘက်မှ ၃ ဦး ကျဆုံးကာ ၃ ဦးဒဏ်ရာရမှု ရှိခဲ့သည်ဟု သူက ဆိုသည်။

KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်တို့ ထိုးစစ်ဆင်လာသဖြင့် စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာကာ ယနေ့ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၈၀,၀၀၀ ကျော်ရှိနေပြီး အစိုးရ ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ ကျော်ရှိနေကာ စုစုပေါင်း ၁၂၀,၀၀၀ ကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly