ခံတပ်ဇုန်မြေ တည်ဆောက်ရန်အတွက် အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ်ရှိ အိမ်ခြေထောင်ပေါင်းများစွာကို ဖြိုချ

ခံတပ်ဇုန်မြေ တည်ဆောက်ရန်အတွက် အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ်ရှိ အိမ်ခြေထောင်ပေါင်းများစွာကို ဖြိုချ

ဆိုင်းနိုင်း၊ စက်တင်ဘာ ၂၂ ။ ။ နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက် အီဂျစ်နိုင်ငံသည် ဆိုင်းနိုင်းကျွန်းဆွယ်တွင် အိမ်ခြေရာပေါင်း ၃၂၅၅ နှင့် အခြားအဆောက်အအုံများကို ဖြိုချဖျက်ဆီးလျက်ရှိနေကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ တစ်ဟုန်ထိုး များပြားလာပြီးနောက်ပိုင်း ခံတပ်ဇုန်မြေ "buffer zone" တည်ဆောက်ရန်အတွက် ၂၀၁၃ ခုနှစ်အတွင်း ဂါဇာနယ်စပ်တစ်လျှောက်တွင် အိမ်ခြေများကို တပ်ဖွဲ့ဝင်များက စတင်ဖြိုချဖျက်ဆီးလာခဲ့ခြင်းဖြစ်ပြီး မှောင်ခိုကုန်ကူးသည့် ဥမင်လိုဏ်များကိုလည်း ဖျက်ဆီးပစ်ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းသို့ အိမ်ခြေများကို ဖြိုချဖျက်စီးရာတွင် သတိပေးခြင်းများ၊ ယာယီနေစရာများနှင့် လုံလောက်လျော်ကြေးများ ပေးခဲ့ခြင်းမရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲပြောကြားသည်။

အီဂျစ်အစိုးရကမူ ယခုကဲ့သို့ အိမ်များ ဖြိုချပြောင်းရွှေ့ကြရာတွင် ဒေသခံများ၏ ထောက်ခံမှုရှိကြောင်း ခိုင်ခိုင်မာမာပြေကြားသည်။

မြောက်ဆိုင်းနိုင်းတွင် အိုင်အက်စ်စစ်သွေးကြွများအပါအဝင် ဂျီဟတ်အုပ်စုများက ၂၀၁၃ ခုနှစ် ဇူလိုင်က အစ္စလာမ္မစ်သမ္မတ မိုဟာမတ်မော်စီအား စစ်တပ်က ဖြုတ်ချလိုက်ပြီးနောက်ပိုင်း တိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်ပဋိပက္ခများအတွင်း အရပ်သားများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် စစ်သွေးကြွများ အားလုံးအပါအဝင် သေဆုံးသူပေါင်း ၃၆၀၀ ကျော်ထက်မနည်းရှိသည်။ သေဆုံးသူများ၏ သုံးပုံနှစ်ပုံကျော်သည် အစိုးရက ၂၀၁၄ ခုနှစ် အောက်တိုဘာမှစကာ ခံတပ်မြေဇုန် တည်ဆောက်မည့် စီမံကိန်းများအား ကြေညာပြီးနောက်ပိုင်းမှ သေဆုံးကြရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly