မြန်မာအလုပ်သမားနှစ်ဦး၏ ဒီအန်အေနှင့် တိုက်ဆိုင်မှု မရှိဟု ထိုင်းမှုခင်းဆရာဝန် နှင့် မှုခင်းရဲမှူးကြီး ထွက်ဆိုဟုဆို

မြန်မာအလုပ်သမားနှစ်ဦး၏ ဒီအန်အေနှင့် တိုက်ဆိုင်မှု မရှိဟု ထိုင်းမှုခင်းဆရာဝန် နှင့် မှုခင်းရဲမှူးကြီး ထွက်ဆိုဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၂ ။ ။ ထိုင်းတောင်ပိုင်း၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရမှုတွင် တရားခံသက်သေ ထိုင်းမှုခင်းဆရာဝန် နှင့် မှုခင်းရဲမှူးကြီးတို့ကို စက်တင်ဘာ ၂၂ရက်က စစ်ဆေးခဲ့သည်။ ၎င်းတို့၏ ထွက်ဆိုချက်တွင် ဒီအန်အေ စစ်ဆေးမှု၌ ဖမ်းဆီးခံ မြန်မာလုပ်သားများ၏ ဒီအန်အေ နှင့် တိုက်ဆိုင်မှု မရှိဟု ထွက်ဆိုကြောင်း မြန်မာသံရုံးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဗဟိုမူခင်းဆေးပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ရိုကျနာ ဆူလန်၏ ရုံးမှ ဆရာဝန် တစ်ဦးက DNA စစ်ဆေးမှု နည်းလမ်းမှန်ကန်မှု မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ သက်သေနှစ်ယောက်စစ်ပါတယ်။ ပထမတဦးထွက်ဆိုချက်က နစ်နာလူတွေရဲ့ တောင်းဆိုချက်အရ ပြန်လည်ပြီးတော့ စစ်ဆေးတဲ့အခါမှာ ပီနန်အိတ်တို့၊ ညှပ်ဖိနပ်၊ ပေါက်တူးတို့ စစ်ဆေးတဲ့အခါမှာ ပေါက်တူးရိုးမှာ ယောကျ်ားနဲ့ မိန်းမ ဒီအန်အေတွေ့တယ်။ အဲဒါကတော့ ဟန်နာနဲ့ ဒေးဗစ်တို့ရဲ့ ဒီအန်အေဆိုတာ ပေါ်လွင်ပါတယ်။ တဖက်က ပြည့်စုံတဲ့ ဒီအန်အေနဲ့ မပြည့်စုံတဲ့ ဒီအန်အေတွေ့တယ်။ အဲဒီ ဒီအန်အေက တရားခံရဲ့ ဒီအန်အေဖြစ်တယ်။ သို့သော် မြန်မာလုပ်သား ဝေဖြိုးနဲ့ ဇော်လင်း၊ မောင်မောင်တို့နဲ့ တိုက်ဆိုင်မှု မတူူဘူးလို့ ပြောချင်တာပါ၊ နောက်ပြီးတော့ ဒီအန်အေ စစ်ဆေးတဲ့အခါမှာ သာမန်စစ်ဆေးမယ်ဆိုရင် ရက် ၂၀ လောက်ထိ အချိန်ယူပြီး စစ်ဆေးရမယ်။ အရေးပေါ်ဆိုရင်လည်း ၁၀ ရက်လောက် အချိန်ယူပြီး စစ်ဆေးမယ်ဆိုရင် အဖြေထွက်ဆိုတယ်လို့ ပြောထားပါတယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သို့သော် တရားခံ မြန်မာလုပ်သားနှစ်ဦး၏ အမှုတွင် ၎င်းတို့၏ DNA ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂ ရက် စစ်ဆေးပြီး အောက်တိုဘာလ ၅ ရက်တွင် DNA တူကြောင်းနှင့် DNA စစ်ဆေးရာတွင် အဆင့် ၂၃ ဆင့်ရှိရာမှ အဆင့် ၁၀ ဆင့် တိုက်ဆိုင်ပါက တူညီကြောင်း သတ်မှတ်နိုင်သဖြင့် ကိုဇော်လင်းနှင့် မောင်မောင်တို့ နှစ်ဦးတွင် လုံးဝ တူညီမှု မရှိကြောင်း သို့သော် ကိုဝင်းဇော်ထွန်း၏ DNA စစ်ဆေးသည့်အခါ အဆင့် ၅ ဆင့် တူညီသည်ကို တွေ့ရသော်လည်း မည်သူဖြစ်သည်ကို သတ်မှတ်မရသဖြင့် DNA စစ်ဆေးမှုတွင် မှန်ကန်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည်ကို ပေါ်လွင်စေခဲ့သည်ဟု ၎င်းက ပြောသည်။

ထိုင်းမူခင်းတပ်ဖွဲ့မှ ရဲမှူးကြီးဟောင်း တစ်ဦးအား စစ်ဆေးခဲ့ရာတွင် သေဆုံးသူ ဗြိတိန်နိုင်ငံသား ဟန်နာ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများအား DNA သက်သေခံပစ္စည်းအဖြစ် သိမ်းထားခြင်းသည်လည်း တရားရုံးတွင် စစ်ဆေးနိုင်ရန်အတွက် ယခုကဲ့သို့အမှုတွင် မှန်ကန်တိကျမှု လိုအပ်ချက်နှင့် အမှုတွဲများတွင် ပျက်ကွက်ခဲ့ခြင်းသည်လည်း စစ်ဆေးသူများအတွက် လိုအပ်ချက်များ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သူက ဆက်လက် ပြောသည်။

“အခုလို မျက်မြင်သက်သေမရှိတဲ့ လူသတ်မှုတွေမှာဆိုရင် ဖြစ်တဲ့နေရာကို စစ်ဆေးရုံသာမကဘူး။ သေတဲ့လူတွေကို မဒိန်းကျင့်ပါတယ်ဆိုတဲ့ မိန်းကလေးမျိုးကို ဆေးရုံလိုနေရာမှာ ဆက်လက် စစ်ဆေးသင့်တယ်" ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

"အစဉ်အလာမှာ ဒီလို အမှုကြီးတွေမှာဆိုရင် ထူးခြားဖြစ်စဉ်အားလုံးကို ဓါတ်ပုံတွေနဲ့ တွဲပြီးတော့ တရားခွင်ကို တင်ပါတယ်။ ဒါတွေလည်း တရားခွင်မှာ တင်ဖို့ ပျက်ကွက်နေတာကို အမှုမှာ ပေါ်နေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူ ဟန်၏ တန်ဆာနှင့် မြန်မာလုပ်သားနှစ်ဦး၏ တံတွေးမှ DNA စစ်ဆေးလိုကြောင်း တရားခံဘက်မှ ရှေ့နေများ တောင်းဆိုစဉ် ထိုင်းရဲတပ်ဖွဲ့ဘက်မှ ဒီအန်အေ နှင့်ပတ်သက်၍ မရှိတော့ကြောင်း ပြောဆိုခဲ့သော်လည်း ထိုင်းနိုင်ငံ ဗဟိုမူခင်းဆေးပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ် ရိုကျနာ ဆူလန် တရားခွင်တွင် ထွက်ဆိုမှုတွင် DNA တစ်ခုအား နည်းလမ်းတကျ စစ်ဆေးမည်ဆိုပါက ၎င်းDNA မတူညီမှုတွင် ၃ နှစ်မှ ၄ နှစ်ထိ သိမ်းထားနိုင်သည်ဟု ထွက်ဆိုမှုများရှိခဲ့သဖြင့် မြန်မာလုပ်သားများအား အရေးယူ၍ မရကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ဥပဒေအရ ပြောမယ်ဆိုရင် သူတို့ကို အပြစ်ပေးလို့ မရဘူးလို့ပြောမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တရားစွဲအဖွဲ့က ကလေးတွေ ဖြောင့်ချက်ပေးတယ်ဆိုတဲ့အချက်။ နောက်တချက်က ဒီအန်အေ မတူညီတဲ့အချက်၊ ရဲစခန်းမှာ ဖြောင့်ချက်ပေးတာလည်း တရားမဝင်ဘူး။ နောက်တခါ အကျိုးဆောင်ရှေ့နေမရှိဘူး။ ဒီအန်အေလည်း မတူညီဘူးဆိုတာ ပေါ်လာတယ်”ဟု သူက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်တွင် တရားခံဟု စွပ်စွဲဖမ်းဆီးခံထားရသူ ကိုဝေဖြိုး ကော့သောင်းကျွန်းမှ ဆူရတ်ဌာနီသို့ အသွားတွင် သဘောၤဆိပ်မှ လာကြိုသည့် မြန်မာလုပ်သားနှစ်ဦးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

ထို့ပြင် မြန်မာသံရုံးအဖွဲ့မှ ဒုတိယ သံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စိုး၊ ဆရာမ ဒေါ်သူဇာနွယ်တို့ကိုလည်း စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့သည် လိပ်ကျွန်းကမ်းခြေတွင် အသတ်ခံခဲ့ရမှုတွင် မြန်မာလုပ်သား ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly