အရှိုချင်းအမျိုးသားပါတီမှ ရခိုင်တွင် ၂ နေရာဝင်ပြိုင်မည်

အရှိုချင်းအမျိုးသားပါတီမှ ရခိုင်တွင် ၂ နေရာဝင်ပြိုင်မည်

စစ်တွေ၊ စက်တင်ဘာ ၂၂ ။ ။ ချင်းတိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အရှိုချင်းအမျိုးသားပါတီက ရခိုင်ပြည်နယ်တွင် အမတ်လောင်းတစ်နေရာနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)နေရာတွင် ဒေါ်ခင်မာဖြူက ဝင်ပြိုင်မည်ဖြစ်ပြီး၊ ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာတွင် ဦးကြီးအောင်က ဝင်ပြိုင်မည်သည်ဟု အရှိုချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဦးဆလိုင်းဟန်ကြည်က ပြောသည်။

အရှိုချင်းအမျိုးသားပါတီကို ၂၀၁၂ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သော်လည်း ယခုအချိန်ထိတော့ အခက်အခဲတစ်စုံတရာ မတွေ့ရသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပါတီမှ ကိုယ်စားပြုဝင်ပြိုင်မည့် အမတ်လောင်း ဒေါ်ခင်မာဖြူနှင့် ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီးလောင်း ဦးကြီးအောင်တို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့က စည်းရုံးရေးဆင်းနေပြီဖြစ်သည်။

အရှိုချင်းအမျိုးသားပါတီ၏ ဆောင်ပုဒ်မှာ ချင်းတိုင်းရင်းသားအမွေအနှစ်ဖြစ်သော  ရေမြေတောတောင်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ လူမျိုးတိမ်ကောပျောက်ကွယ် ဆုံးရှုံးနစ်နာခြင်းမှ ကာကွယ်နိုင်ရေးနှင့် စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးတို့ဖြစ်ကြောင်း သိရသည်။

ပါတီ၏ မူဝါဒများမှာလည်း ချင်းတိုင်းရင်းသားရေးရာ ကိစ္စများတွင် ပိုမိုဝင်ရောက်ဆောင်ရွက်နိုင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးစသည်များတွင် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချနိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် ဦးဆောင်မှု ကဏ္ဍများတွင် ချင်းတိုင်းရင်းသားများ ပိုမိုပါဝင်လုပ်ဆောင်နိုင်ရေးတို့ အဓိကရည်ရွယ်ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌ ဦးဆလိုင်းဟန်ကြည်က ပြောကြားခဲ့သည်။

အရှိုချင်းအမျိုးသားပါတီကို ဖွဲ့စည်းသည့်အချိန် မကြာသေးသော်လည်း ယခုလက်ရှိတွင် ပါတီဝင်အရေအတွက် သုံးသောင်းကျော်ရှိပြီး ချင်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေများဖြင့် ရပ်တည်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ယင်းနှစ် မေလ ၇ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိခဲ့သည်။ ယင်းနောက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ကို ၂၀၁၂ မေလ ၁၆ ရက်တွင် လျှောက်ထားခဲ့ပြီး ဇွန် လ ၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly