အိုင်အက်စ် အကြမ်းဖက်အုပ်စုက မိန်းမလျာများဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် လူ၁၀ဦးကို ကွက်မျက်

အိုင်အက်စ် အကြမ်းဖက်အုပ်စုက မိန်းမလျာများဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် လူ၁၀ဦးကို ကွက်မျက်

ဘေရွတ်၊ စက်တင်ဘာ-၂၂ ။         ။ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အုပ်စု၏ ပြောကြားချက်အရ စက်တင်ဘာလ ၂၁ရက်နေ့က ဆီးရီးယားနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက အမျိုးသား၉ယောက်နှင့် လူငယ်တစ်ယောက်ကို မိန်းမလျာများဖြစ်သည်ဟု စွပ်စွဲကာ ကွက်မျက်ပစ်ခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်သမားများက ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟွမ်ပြည်နယ်အတွင်းရှိ ရက်စ်တန်မြို့တွင် အမျိုးသား ၇ဦးကို မိန်းမလျာများဖြစ်သည်ဟု စွပ်စွဲကာ ပစ်သတ်ခဲ့သည်ဟု အဆိုပါ လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုက ပြောကြားခဲ့သည်။

ဆီးရီးယားမြောက်ပိုင်း အလက်ပိုပြည်နယ်အတွင်းရှိ ရီတန်မြို့တွင်လည်း အမျိုးသားနှစ်ယောက်နှင့် လူငယ်တစ်ယောက်ကို အလားတူအကြောင်းပြချက်ဖြင့်ပင် အိုင်အက်စ်အကြမ်းဖက်သမားများက ကွက်မျက်ပစ်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အုပ်စုအကြီးအကဲ ရာမီ အက်ဗဒဲ ရာမန်းက ပြောကြားခဲ့သည်။

ကွက်မျက်မှုများကို လူမြင်ကွင်းတွင် ပြုလုပ်ခြင်းဖြစ်သော်လည်း မှတ်တမ်းတင်ရိုက်ကူးထားမည့် ကင်မရာမှန်သမျှကို အိုင်အက်စ်တိုက်ခိုက်ရေးသမားများက ဖျက်စီးပစ်ခဲ့သည်ဟု ဆိုသည်။

အိုင်အက်စ်အကြမ်းဖက်သမားများက ၎င်းတို့က ခါလီဖိတ်နိုင်ငံတော်ဟု ကြေညာထားသည့် အီရတ်နှင့် ဆီးရီးယားကို ခွထိုင်ထားသည့် နယ်နိမိတ်တွင် အာဏာတည်စေရန် ရက်ရက်စက်စက် အကြမ်းဖက်သည့်နည်းများကို အသုံးပြုနေသည်။

အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်ပယ်များတွင် မိန်းမလျာ၊ မှော်စုန်းအတတ်နှင့် သမ္မတအာဆတ်ကို သစ္စာစောင့်သိမှုများကို သေဒဏ်ထိုက်သည့် ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။ မကြာသေးမီက ဖြစ်ရပ်များတွင် အိုင်အက်စ်အကြမ်းဖက်သမားများက မိန်းမလျာဟု သံသယရှိသူများကို ခေါင်းဖြတ် (သို့မဟုတ်) အိမ်ခေါင်မိုးများပေါ်မှ ပစ်ချခြင်းများပင် ပြုလုပ်ခဲ့သည်။

၂၀၁၄ခုနှစ် ဇွန်လ ခါလီဖိတ်နိုင်ငံတော်ကို ကြေညာပြီးသည်မှစ၍ ယခုအချိန်အထိ အိုင်အက်အကြမ်းဖက်သမားများက အရပ်သား ၁၈၀၀အပါဝင် လူပေါင်း ၃၀၀၀ကျော်ကို ကွက်မျက်သုတ်သင်ခဲ့သည်ဟု အဆိုပါ လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုက ပြောကြားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly