ပါကစ္စတန်နှင့် တရုတ်က စစ်အင်အားတည်ဆောက်နေချိန် အိန္ဒိယကလည်း အစ္စရေးထံမှ လက်နက်တပ်ဆင်နိုင်သော ဒရုန်းများဝယ်ယူလာ

ပါကစ္စတန်နှင့် တရုတ်က စစ်အင်အားတည်ဆောက်နေချိန် အိန္ဒိယကလည်း အစ္စရေးထံမှ လက်နက်တပ်ဆင်နိုင်သော ဒရုန်းများဝယ်ယူလာ

နယူးဒေလီ၊ စက်တင်ဘာ-၂၂ ။         ။ ကာကွယ်ရေးသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံမှာ နိုင်ငံရပ်ခြားတွင် လူအသေအပျောက်အနည်းဆုံးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်စေမည့် လက်နက်တပ်ဆင်နိုင်သော အစ္စရေး လူမဲ့လေယာဉ်ဒရုန်းများကို ဝယ်ယူရန် အလျင်အမြန်စိုင်းပြင်းနေသည်ဟု ဆိုသည်။

ကာလရှည်ပြိုင်ဘက် ပါကစ္စတန်က ၎င်း၏ ပြည်တွင်းဖြစ် ဒရုန်းယာဉ်ဖြင့် စစ်သွေးကြွများကို တိုက်ခိုက်လိုက်သည့် သတင်းထွက်ပေါ်လာပြီးနောက် မရှေးမနှောင်းတွင် အိန္ဒိယက အစ္စရေးဒရုန်းမျာကို ဝယ်ယူရန် စိုင်းပြင်းလာခြင်းဖြစ်သောကြောင့် နှစ်ကြိမ်တိုင်တိုင် စစ်ပွဲအသွင်ဆောင်လာခဲ့သည့် ကက်ရှ်မီးယားအရေးတွင် ထိပ်တိုက်တွေ့နေသည့် အိမ်နီးချင်း နျူကလီးယားလက်နက်နိုင်ငံ နှစ်နိုင်ငံအဖို့ စစ်မျက်နှာသစ်တစ်ရပ် ပေါ်ထွက်လာမည့် အလားအလာပင် ဖြစ်သည်။

အစ္စရေးလုပ် ဟီရွန်ဒရုန်းယာဉ်များကို ဝယ်ယူရန်အစီအစဉ်ကို လွန်ခဲ့သည့် သုံးနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သော်လည်း ပါကစ္စတန်နှင့် တရုတ်နိုင်ငံများက စစ်စွမ်းရည်ရှိသည့် ဒရုန်းယာဉ်များကို အသီးသီး တီထွင်ပိုင်ဆိုင်သွားသည့်အခါတွင် ဇန်နဝါရီလက အိန္ဒိယစစ်တပ်က ဒရုန်းယာဉ်များကို အမြန်ဆုံးထုတ်ပေးရန် အစိုးရထံသို့ စာရေးသားခဲ့သည်ဟု ဆိုသည်။

အိန္ဒိယမှာ အစ္စရေးလုပ် လူမဲ့လေယာဉ်များ (UAVs)ကိုမူ တောင်ထူထပ်သည့် ကက်ရှ်မီးယားဒေသနှင့် နှစ်နိုင်ငံစစ်တပ်များ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိရာ အငြင်းပွားနေသည့် တရုတ်နယ်စပ် တစ်လျှောက်ပေါ်တွင်ပါ ဖြန့်ချထားပြီးဖြစ်သည်။

စက်တင်ဘာလတွင် မြေပြင်ပေါ်မှ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် လက်နက်များ တပ်ဆင်နိုင်သော အစ္စရေးလုပ် 10 Heron TP ဒရုန်းယာဉ်များကို ဝယ်ယူရန် အိန္ဒိယလေတပ်၏ တောင်းဆိုချက်ကို အိန္ဒိယအစိုးရက သဘောတူခွင့်ပြုခဲ့ကြောင်း ထိုကိစ္စနှင့်နီးစပ်သည့် လေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း၄၀၀တန်ဖိုးရှိ ဟီရွန်ဒရုန်းများကို ဝယ်ယူလိုက်ခြင်းအားဖြင့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအတွက်လည်း လမ်းပွင့်လာစေမည် ဖြစ်သည်။

လက်ရှိတွင် တင်းမာနေသည့် အခြေအနေများ၌ နှစ်ဖက်စစ်တပ်များက အပြန်အလှန်ပစ်ခတ်ရင်း ကက်ရှ်မီးယားနယ်စပ်ကို ဖြတ်ကျော်သည်များရှိနေသော်လည်း ထိန်းချုပ်မျဉ်း (Line of Control-LoC) ကိုမူ နှစ်ဖက်စလုံးက မြေပြင်မှရော၊ ဝေဟင်မှပါ ကျူးကျော်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly