ဥရောပ ဒုက္ခသည် အကျပ်အတည်း၏ ဇစ်မြစ်မှာ အမေရိကန်ဟု မြောက်ကိုရီးယားပြော

ဥရောပ ဒုက္ခသည် အကျပ်အတည်း၏ ဇစ်မြစ်မှာ အမေရိကန်ဟု မြောက်ကိုရီးယားပြော

ပြုံယမ်း၊ စက်တင်ဘာ-၂၂ ။         ။ တိုက်ကြီးဆီသို့ ခိုလှုံခွင့်ရှာဖွေသူ အလုံးအရင်း ရှေ့ရှုလာနေမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂဝင်နိုင်ငံများ သဘောကွဲလွဲနေကြချိန် တွင်ဖြစ်ပွားဆဲ ဥရောပ၏ ဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်တွင်စတင်ခဲ့သည့် အာဖဂန်နစ္စတန်တွင် အမေရိကန်ခေါင်းဆောင်သည့် နေတိုးညွှန့်ပေါင်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအမည်ခံ စစ်ပွဲ၏ အကျိုးအဆက်အဖြစ် မျက်မှောက်ကာလ ဒုက္ခသည်ပြဿနာများ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက်နေ့က ထုတ်ဝေခဲ့သည့် မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းစာ Rodong Sinmun ပါ ဆောင်းပါးတစ်ပုဒ်တွင် ပြောကြားခဲ့ခြင်း ပင်ဖြစ်သည်။

၂၀၀၁ခုနှစ်တွင် ဝါရှင်တန်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟုခေါ်သည့် စစ်ပွဲ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမေရိကန်နှင့် မဟာမိတ်များက အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့သည်။

UPI သတင်းတစ်ရပ်အရ ''ဥရောပ ဒုက္ခသည်အကျပ်အတည်း၏ ဇစ်မြစ်မှာ အမေရိကန်ပြည်ထောင်စုဖြစ်သည်''ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ပြုံယမ်းက ဝါရှင်တန်ကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အဓိကလက်သည်တရားခံဟု ခေါ်ဝေါ်သုံးနှုန်းထားပြီး အမေရိကန်က လူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး နိုင်ငံများကိုလည်း ပြိုလဲစေခဲ့သည်ဟုလည်း ပြောကြားထားသည်။

ထို့အပြင် ဝါရှင်တန်၏ ဆန္ဒစွဲလိုက်လွန်းမှုက လူသားတန်ဖိုးများ၏ ပစ္စက္ခသင်္ချိုင်းကို တူးနေခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဥရောပသို့ လောင်းသွန်စီးဝင်လာနေသည့် ထုထည်ကြီးမားလှသော ဒုက္ခသည်အုပ်ကြီးကို မည်သို့ကိုင်တွယ်ရမည်ကို လပေါင်းများစွာ မဆုံးဖြတ်နိုင်ဖြစ်နေခဲ့ပြီးနောက် စက်တင်ဘာ၂၂ ရက်နေ့တွင် ဥရောပ သမဂ္ဂဝင်နိုင်ငံများသို့ ဒုက္ခသည်များကို ဖြန့်ပို့မည့် စနစ်တစ်ရပ်ကို ဆွေးနွေးရန်အတွက် ပြည်ထဲရေးဝန်ကြီးများ တွေ့ဆုံတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly