ခင်ပွန်းသည်သေဆုံးခဲ့ရသည့် ဂူဂျာရတ်အဓိကရုဏ်းတွင် တာဝန်ရှိသူအဖြစ် မိုဒီကို အိန္ဒိယအဘွားအို တရားစွဲ

ခင်ပွန်းသည်သေဆုံးခဲ့ရသည့် ဂူဂျာရတ်အဓိကရုဏ်းတွင် တာဝန်ရှိသူအဖြစ် မိုဒီကို အိန္ဒိယအဘွားအို တရားစွဲ

အမီဒါဘတ်၊ စက်တင်ဘာ-၂၂ ။        ။ အသက် ၇၆ နှစ်အရွယ် ချိနဲ့နဲ့အဘွားအို ဇာကီရာ ဂျဖရီက အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား ၎င်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က သူမ၏ ခင်ပွန်းသည် ကိုအသက်ဆုံးရှုံးစေခဲ့သည့် ဂူဂျာရက်ပြည်နယ်ကို ကိုင်လှုပ်သွားခဲ့သော လူအသေအပျောက်များပြားခဲ့သည့် အဓိကရုဏ်းများအတွက် အပြစ်ရှိသူအဖြစ် ဥပဒေကြောင်းအရ စင်တရားစွဲလိုက်ပြီဖြစ်သည်။

မိုဒီကမူ လွတ်လပ်သော အိန္ဒိယနိုင်ငံတွင် အဆိုးရွားဆုံး ဘာသာရေးအကြမ်းဖက်မှုများအနက်မှ တစ်ခုဖြစ်သည့် ၂၀၀၂ခုနှစ် အဓိကရုဏ်းထဲတွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆန်ခဲ့ သည်။

၂၀၁၃ခုနှစ်တွင်မူ အထက်ရုံးတော်မှ ခန့်အပ်သည့် အဖွဲ့တစ်ဖွဲ့က မိုဒီကို တရားစွဲရန် လုံလောက်သော သက်သေအထောက်အထားများရှိကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ ယခင်အကြိမ်များနည်းတူ တူညီသော ဆုံးဖြတ်ချက်ဖြင့်သာ အဆုံးသတ်သွားသည့် တတိယမြောက် စုံစမ်းစစ်ဆေးမှုပင် ဖြစ်သည်။

ထိုမှနောက်ပိုင်းတွင် ဝန်ကြီးချုပ်မှာ သူ့ကိုယ်သူ မာထန်သော ဟိန္ဒူအမျိုးသားရေးဝါဒီအဖြစ် နိုင်ငံတကာပုံရိပ်ကို ဖော်ဆောင်လာသလို တိုးတက်သော စီးပွားရေးပြုပြင်ပြောင်းလဲသူ အရေခွံကို ခြုံလာခဲ့ ပြီးနောက်တွင် ၂၀၁၄ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရကာ ကမ္ဘာ့ခေါင်းဆောင်များ၏ စားပွဲဝိုင်းတွင် နေရာတစ်နေရာ ရလာခဲ့သည်။

မိုဒီ၏အစိုးရက အင်ဂျီအိုများနှင့် တက်ကြွလှုပ်ရှားသူ တိစတာ ဆီတယ်ဘတ်အပါအဝင် လူ့အခွင့်အရေးသမားများကို ဖြိုခွင်းလာခဲ့သည်။ ဆီတယ်ဘတ်မှာ ယခင်အကြိမ်များက မိုဒီဘက်ပင်းခဲ့သည့် ရုံးတော်၏ ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ပစ်ပြီး မိုဒီအား ရုံးတော်သို့ ခေါ်ဆောင်နိုင်ရန်အတွက် ဂျဖရီအား သက်သေအထောက်အထားများ ကူညီစုဆောင်းပေးနေသူပင် ဖြစ်သည်။

လွန်ခဲ့သည့်လက ဂူဂျာရက်ရုံးတော်က အမှုကို ကြားနာစစ်ဆေးရန် သဘောတူလိုက်သည့်အချိန်မှာပင် သံသယရှိဖွယ် လိမ်လည်မှုတစ်ခုကို စုံစမ်းစစ်ဆေးနေသည့် ဖက်ဒရယ်ရဲတပ်ဖွဲ့က အဓိကရုဏ်း အတွင်း အသတ်ခံရသူ ဒါဇင်ပေါင်းများစွာကို ကိုယ်စားပြုသည့် ဆီတယ်ဘတ်၏ နေအိမ်နှင့် ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ကြသည်။

သို့ရာတွင် ဂျဖရီကို မည်သည့်အရာကမျှ မတားဆီးနိုင်ပါ။ ယခု အတိုက်အခံဖြစ်နေသည့် ကွန်ဂရက်ပါတီမှ အမတ်တစ်ဦးဖြစ်သည့် ခင်ပွန်းသည်ကို အဓိကရုဏ်းများအတွင်း ဟိန္ဒူလူအုပ်ကြီးက ချိုးဖျက်ဝင်ရောက်လာကာ သတ်ဖြတ်သွားခဲ့ခြင်းပင်ဖြစ်သည်။ ထိုအဓိကရုဏ်းများတွင် အနည်း လူ ၁၀၀၀ခန့်သေဆုံးခဲ့ရပြီး အများစုမှာ အိန္ဒိယ၏ အတော်အတန်ကြီးမားသော မွတ်စလင်လူနည်းစု မှဖြစ်သည်။

''ကျမရဲ့အမှုက ခြေလျင်စစ်သားတွေကို တရားစွဲနေတာသက်သက်မဟုတ်ဘူး။ ဒီခြေလျင်စစ်သားတွေကို လှုပ်ရှားဖို့ ခွင့်ပြုတဲ့သူတွေကိုပါ တရားစွဲနေတာပါ။ ခြေလျင်စစ်သားတွေကို ဆွပေးပြီး လှုပ်ရှားလာစေတဲ့ အခြေအနေကို ဖန်တီးခဲ့သူတွေကို တရားစွဲနေတာပါ။ မိုဒီကို တရားစွဲနေတာပါ''ဟု နှစ်နှစ်အလွန်က အရေးနိမ့်သွားခဲ့သော အထက်ရုံးတော်တွင် မိုဒီကို တရားစွဲရန် ကြိုးစားမှုအပါအဝင် ၁၃နှစ်တာ လှုပ်ရှားမှုကြောင့် ပင်ပန်းနွမ်းလျနေပြီဖြစ်သည့် ဂျဖရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly