57 Below Hospitality and Management မှ စီးပွားရေး ညွှန်ကြားရေးမှူး နီကိုရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အတွေ့အကြံုနှင့် အနာဂတ် မျှော်လင့်ချက်

57 Below Hospitality and Management မှ စီးပွားရေး ညွှန်ကြားရေးမှူး နီကိုရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အတွေ့အကြံုနှင့် အနာဂတ် မျှော်လင့်ချက်

ဦးသိန်းစိန်အစိုးရ (အရပ်သားအစိုးရ) မတိုင်မီအချိန် ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံ နေရာတော်တော်များများတွင် ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်းများ အလုပ်တွင်ကျယ်ခြင်းမရှိပေ။ ယခင်က နိုင်ငံခြားသားဆိုလျင် အထူးအဆန်းသဖွယ် ကြည့်ရှုကြရသည့် ခေတ်ဆိုလည်းမမှားပေ။

အစိုးရသစ် လက်ထက်တွင် တစ်ချို့သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နိုင်ငံများ မြန်မာနိုင်ငံကို သိလာကြသည်။ အဆက်အဆံ ပြန်လည်လုပ်ကိုင်လာကြသည်။ ယင်းအကျိုးဆက်နှင့်အတူ နိုင်ငံခြားမှ ဝင်ရောက်လာကြသည့် ကိုယ်စားလှယ် ရုံးခွဲများ၊ အာရှ ပစိဖစ်ဆိုင်ရာ စီးပွားရေးရုံးခွဲများ ရန်ကုန်မြို့ အဆောက်အဦး တော်တော်များများတွင် နေရာယူလာကြသည်။

ထို့ကြောင့် နိုင်ငံခြားသားဟူသည် မြန်မာများနှင့် သိပ်မစိမ်းတော့၊ တစ်ချို့ လူနေရပ်ကွက်များတွင် ဒေသခံများနှင့် အိမ်နီးချင်း ဖြစ်နေကြပြီ။ ဤသည်ကား နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် ငါးနှစ်၏ နောက်ဆက်တွဲဖြစ်သည်။ ယင်းသို့ စီးပွားရေး အဖွဲ့အစည်းများ ဝင်ရောက်လာတော့ စားသောက်ရေးအတွက် စားသောက်ဆိုင်တွေ ဖွင့်လှစ်လုပ်ကိုင်ဖို့ ပြင်လာကြသူများ ရှိလာသည်။
 

၂၀၁၃ ခုနှစ်ကစတင်ပြီး ကမ်းနားလမ်း ကြက်ခြေနီရုံးဘေးနားတွင် Union Bar and Grill ဥရောပ စားသောက်ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည့် 57 Below Hospitality and Management ၏ Business Director မစ္စတာ နီကိုက နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတွေကြောင့် သူတို့စားသောက်ဆိုင် လုပ်ငန်းအတွက် အခွင့်အရေးတွေ ပိုပိုတိုးပြီး ရလာနေသည်ဟု မဇ္ဈိမမီဒီယာ၏ သီးသန့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်တွင် ပြောဆိုသည်။ တစ်ဘက်မှာလည်း အခက်အခဲတွေ အများကြီးရှိနေသည်ဟု သူကပြောပြထားသည်။

 

ခင်ဗျားတို့ရဲ့ 57 Below ဟိုတယ်နှင့် စီမံခန့်ခွဲမှု လုပ်ငန်းက မြန်မာနိုင်ငံမှာ ဂျပန်၊ မက္ကစီကန်၊ ဥရောပစတဲ့ စားသောက်ဆိုင်တွေ ဖွင့်လှစ်လုပ်ကိုင် နေတယ်လို့ သိရပါတယ်ခင်ဗျ၊ အဲတော့ ခင်ဗျားနဲ့ တွေ့ဆုံဖို့လည်း စိတ်ဝင်စားပါတယ်၊ ကျွန်တော် အနေနဲ့ မေးခွန်းအနည်းငယ် မေးလိုပါတယ် ပထမမေးခွန်းက 57 below ဆိုတာဘာလဲ၊ ဒီမှာဘာတွေလုပ်ကိုင် နေသလဲဆိုတာကိုသိချင်ပါတယ်ခင်ဗျ။

57 Below စီးပွားရေးလုပ်ငန်းကို ၂၀၁၂ခုနှစ်မှာ ကျွန်တော်နဲ့ ဟောင်ကောင်မှာရှိတဲ့ ရင်းနှီး မြှုပ်နှံသူတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။ အစကတော့ ဟိုတယ်နဲ့ စီမံခန့်ခွဲမှု လုပ်ငန်းအစုံကို လုပ်ဖို့ဆိုပြီးရည်ရွယ်ထားတာ။ ဟိုတယ်လုပ်ငန်းတို့၊ စားသောက်ဆိုင်နဲ့ အဖျော်ယမကာ ရောင်းချတဲ့ဆိုင်တို့ အဲဒါတွေဖွင့်ချင်ခဲ့တာ။ ဒီကိုလည်း ရောက်လာရော စားသောက်ဆိုင်လုပ်ငန်းတွေက ဟန်ကျမယ်ထင်တာနဲ့ ဒီဆိုင်တွေကိုပဲ ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ဖြစ်တာပါ။

အဲတာနဲ့ ၂၀၁၃ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ပထမဆိုင်ကို ဖွင့်နိုင်ခဲ့တယ်။ အဲဒီအချိန် မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုလမ်းစကို ရောက်နေပြီ။ ပထမဆိုင်ကလည်း အောင်မြင်တယ်ဆိုတော့ နောက်ထပ် ဆိုင်တွေထပ်ဖွင့်ရင်လည်း အောင်မြင်နိုင်မှာပဲဆိုပြီး ကျွန်တော်တို့ နောက်ထပ်စားသောက်ဆိုင်တွေ ဖွင့်လာလိုက်တာ အချိန်သုံးနှစ်ထဲမှာ ဆိုင်ပေါင်း ငါးဆိုင်တောင် ဖွင့်လှစ်လုပ်ကိုင်နိုင်ပြီ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ အဖျော်ယမကာနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေကို ခင်ဗျားတို့ ဘာကြောင့် ဝင်ရောက်၊ ရင်းနှီး မြှုပ်နံှဖြစ် တာလဲ။

ကျွန်တော် ၂၀၁၂ ခုနှစ်မှာ ဒီကိုစရောက်တော့ နိုင်ငံခြား စားသောက်ဆိုင်တွေ ဒီမှာ သိပ်မရှိသေးဘူးဗျ။ ဆိုင်လေး ဆယ့်လေးငါး ဆိုင်လောက်ပဲတွေ့ရတယ်ဗျ။ နိုင်ငံခြား အဖွဲ့အစည်းတွေက များလာတော့ ဒီထက်ပိုတဲ့ ဈေးကွက်တွေရှိမယ်လို့ ကျွန်တော်တို့မြင်ထားတယ်။ အခွင့်အလမ်းတွေကလည်း စိတ်ဝင်စားဖို့ ကောင်းနေတော့ နိုင်ငံတကာ စံချိန်မီ စားသောက်ဆိုင်တွေ ဖွင့်ဖြစ်တာပေါ့ဗျာ။

 

ခင်ဗျားတို့က ၂၀၁၂ခုနှစ်မှာ မြန်မာနိုင်ငံကို ရောက်လာတယ်၊ ၂၀၁၃ ခုနှစ်မှာ ခင်ဗျားတို့ရဲ့ ပထမဆုံး ဆိုင်ဖြစ်တဲ့ Union Bar and Grill ကို ဖွင့်ဖြစ်ခဲ့တယ်၊ အဲဒီအချိန်တုန်းက တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေက ဘာတွေလဲ။

ဟုတ်တယ်၊ အခက်အခဲ တော်တော်များများ တွေ့ခဲ့ရတယ်။ ဆောက်လုပ်ရေး လိုင်စင်ရဖို့ ဆိုတာကလည်း နှေးကွေးခဲ့တယ်။ အချိန်တော်တော်ကြာအောင် စောင့်လိုက်ရတယ်၊ ယမကာ တင်သွင်းဖို့ လိုင်စင်ရဖို့ကလည်း ကြာတာပါပဲ။ ကျွန်တော်တို့ ရှေ့အရင်ဖွင့်ခဲ့တဲ့ ယူနီယံဘားနဲ့ ဂယ်ဂို ဆိုလည်း သက်တမ်းတော်တော်လေး ကြာနေပြီဖြစ်တဲ့ အဆောက်အဦးတွေမှာ ဖွင့်တာဆိုတော့ လျှပ်စစ်သွယ်တန်းရေးတွေ၊ ပိုက်လိုင်း စနစ်တွေ၊ မိလ္လာစနစ်တွေ ဒီလိုမျိုးခက်ခဲတာတွေကိုတွေ့ရပါတယ်။ အခြေအနေ အားလုံးက ယိုယွင်းနေခဲ့တာပေါ့။ အဆိုးဆုံးက လျှပ်စစ်ပဲ၊ အဲလိုရှုပ်ထွေးတဲ့ အခြေအနေကနေပဲ ကျွန်တော်တို့လုပ်ငန်းကို လည်ပတ်ခဲ့ရတာပါ။

 

အနာဂတ်မှာ ခင်ဗျားတို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာတွေ လုပ်သွားဖို့ရှိလဲ၊ ဘာတွေ မျှော်လင့်ထားပါသလဲ။

အခုလက်ရှိ အခြေအနေကတော့ အောင်မြင်နေပါတယ်၊ ဒီအပေါ်မှာ ဆက်တိုက ်အောင်မြင်လာမယ်လို့လည်း မြင်ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့က အခုလာမယ့် ရွေးကောက်ပွဲ ပြီးတဲ့အချိန်ကို စောင့်နေကြတာပါ။ အဲဒီအချိန်ကျရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ လျင်လျင်မြန်မြန်နဲ့ ဝင်ရောက်လာနိုင်မယ်။ ကျွန်တော်တို့လည်း ဆိုင်အသစ်တွေ ထပ်ဖွင့်မှာပေါ့။ ရှေ့ဆက် ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

 

မြန်မာအစိုးရက ၁၉၈၈ခုနှစ်က နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ခုနှစ်မှာ အသစ်ပြင်ဆင်ခဲ့တာ၊ အဲတော့ ဒီဥပဒေအသစ်က ခင်ဗျားတို့အဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပြောလို့ရလားဗျ။

ဒီမှာ စီးပွားရေးလုပ်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။၂၀၁၂ခုနှစ်ကနေစပြီး ပြောင်းလဲလာတဲ့ အပြောင်းအလဲတွေက ကျွန်တော်တို့ကို စီးပွားရေးလုပ်ဖို့ အားကောင်းလာစေပါတယ်။ ဘဏ်လုပ်ငန်းတွေ အားကောင်းလာတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ ဥပဒေပြုရေး အပိုင်းတွေကိုလည်း တွေ့လာရတယ်။ အခွန်အကောက် စည်းမျဉ်းတွေ၊ အလုပ်သမား ဥပဒေတွေက ပြီးခဲ့တဲ့ သုံးနှစ်ထဲမှာ ပြောင်းလဲတိုးတက်လာတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပိုပြီးလျင်မြန်အောင် ခွင့်ပြုခဲ့တယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာအ ချိန်ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်။

 

ဒါဆိုတော့ ခင်ဗျားတို့ ကျေနပ်မှုတွေ ရှိတာပေါ့။ ဒါနဲ့ခင်ဗျား တစ်ခုခုလောက် ပြောကြည့်ပါလား၊ လက်ရှိအချိန်က တကယ်ကို အဆင်ပြေရဲ့လားဆိုတာကို ၊ ဒီမေးခွန်းက ခင်ဗျားတို့ရဲ့ လက်ရှိစီးပွားရေးနဲ့ အများကြီး ပတ်သက်နေတယ်။

အခုလတ်တလော ဖြစ်နေကျ အခက်အခဲကတော့ အရက်တင်သွင်းတာနဲ့ ပတ်သက်ပြီး စကားပြောဆို နေရတာတွေရှိတယ်။ အရက်တင်သွင်းခွင့် လိုင်စင်ကိစ္စ၊ ကျွန်တော်တို့ ဆိုင်တွေမှာ အရက်ရောင်းချခွင့်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ အခက်အခဲတွေရှိတယ်။ အဲတော့ အရည်အသွေးကောင်းတဲ့ ဝိုင်တွေ၊ ဘီယာတွေကို တင်သွင်းရချရမယ့် နေရာမှာ ရွေးချယ်ဖို့ နည်းလမ်းတွေမှာ အခက်အခဲ တော်တော်လေးဖြစ်ပါတယ်။ ပြီးတော့ အကန့်အသတ်တွေ ရှိပါတယ်။ ဒါက ကျွန်တော်တို့ လုပ်ငန်းလည်ပတ်ဖို့အတွက် စိန်ခေါ်စရာ ဖြစ်နေတယ်။

 

ခင်ဗျားတို့က မတူညီတဲ့ပုံစံတွေနဲ့ စားသောက်ဆိုင်ပေါင်း ငါးဆိုင်အထိ ဖွင့်လှစ်ခဲ့ပြီ၊ နောက်ထပ် တွေးထားတဲ့ စီးပွားရေး အစီအစဉ်များ ပြောပြနိုင်မလားဗျ။

ကျွန်တော်တို့ လုပ်နိုင်သလောက် အမြန်ဆုံး လုပ်သွားမှာပါ။ မတူညီတဲ့ ပုံစံတွေ၊ ကွဲပြားတဲ့ ဟင်းလျာ ပုံစံတွေကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ဒီအတွက်လည်း ပျော်ရွှင်ရပါတယ်။ ရေရှည်အတွက်လည်း ဒီစီးပွားရေးက အောင်မြင်ဦးမှာပါ။ ရှေ့ဆက် ပြီးတော့လည်း ပေါ်လာသမျှ စိတ်ကူးတွေကို အလားအလာ ရှိနိုင်သမျှ တာဝန်ယူလုပ်ကိုင်သွားမှာပါ။ အဆုံးသတ်ပြောရရင် ကျွန်တော်တို့ရှိနေခဲ့တဲ့ ဒီအချိန်သုံးနှစ်က စိတ်လှုပ်ရှားစရာတွေ ချည်းပါပဲ။ လာမယ့် ရွေးကောက်ပွဲကလည်း ကောင်းတဲ့ အပြောင်းအလဲတွေနဲ့ ရင်းနှီး မြှုပ်နှံမှု အများကြီးရောက်လာဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly