မလေးရှားခြစားမှု အရှုပ်တော်ပုံ အမေရိကန် စုံစမ်းစစ်ဆေးမှုတွင် ၀န်ကြီးချုပ် နာဂျစ်ရာဇက်လည်း ပါ၀င်နေ

မလေးရှားခြစားမှု အရှုပ်တော်ပုံ အမေရိကန် စုံစမ်းစစ်ဆေးမှုတွင် ၀န်ကြီးချုပ် နာဂျစ်ရာဇက်လည်း ပါ၀င်နေ

ကွာလာလမ်ပူ၊ စက်တင်ဘာ-၂၂ ။         ။ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်နှင့် ၎င်းနှင့်နီးစပ်သူများ ပါဝင်ပတ်သက်နေသည့် ခြစားမှုစွဲချက်များကို အမေရိကန်ဂျူရီအဖွဲ့တစ်ဖွဲ့က စုံစမ်း စစ်ဆေးလျှက်ရှိ သည်ဟု စက်တင်ဘာ ၂၁ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာကြီးက အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

သတင်းစာ၏ ပြောကြားချက်အရ နိုင်ငံတကာမှ အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးနေသည့် အမေရိကန်တရားရေးဌာန၏ အဖွဲ့တစ်ဖွဲ့က ကြီးမှူးသည့် စုံစမ်းစစ်ဆေးမှုကို မကြာသေးမီနှစ်များက နာဂျစ်၏ မယားပါသား ဆောင်ကျဉ်းလာခဲ့သည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများနှင့် နာဂျစ်မိသားစုနှင့် နီးစပ်သော မိတ်ဆွေတစ်ဦးနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် အခြေစိုက် ပြုလုပ်မည်ဖြစ် သည်ဟု ဆိုသည်။

အမေရိကန်ဒေါ်လာ ၆၈၁သန်း နာဂျစ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဝင်သွားသည်ဟူသော စွပ်စွဲချက်ကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု နယူးယောက်တိုင်းမ်က ထပ်လောင်းပြောကြားခဲ့သည်။

နာဂျစ်၏ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။ ကန်ဒေါ်လာ ၆၈၁သန်း နာဂျစ်၏ ဘဏ်စာရင်းထဲသို့ စီးဝင်သွားခဲ့သည်ဟူသော စွဲချက်မှာ ဇူလိုင်လက Wall Street ဂျာနယ် သတင်းတစ်ရပ်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အစိုးရရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 1Malaysia Development Bhd (1MDB)အပေါ် အကျင့်ပျက်ခြစားမှုနှင့် တလွဲစီမံခန့်ခွဲမှု စွဲချက်များကို မလေးရှားစုံစမ်းစစ်ဆေးရေးမှူးများက စုံစမ်းစစ်ဆေးနေစဉ် တွေ့ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။

နာဂျစ်က ကိုယ်ကျိုးအတွက် မည်သည့်ငွေကြေးကိုမှ မယူခဲ့ကြောင်း ငြင်းပယ်ခဲ့သကဲ့သို့ 1MDBကလည်း နာဂျစ်ထံသို့ ငွေလွှဲမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။ အစိုးရ ကြားဖြတ်အစီရင်ခံ စာကလည်း သံသယဖြစ်ဖွယ် တစ်စုံတစ်ရာမရှိကြောင်း အစီရင်ခံခဲ့သည်။

အမေရိကန် ဂျူရီအဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ ကနဦးအဆင့်တွင်သာရှိသေးပြီး ဖက်ဒရယ်ဥပဒေများကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ရန်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု နယူးယောက်တိုင်းက ပြောကြားခဲ့သည်။

1MDB အရှုပ်တော်ပုံကြောင့် နာဂျစ်မှာ ပြည်တွင်းတွင် ရာထူးမှဆင်းပေးရန် ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။ နာဂျစ်မှာ 1MDB ၏အကြံပေးဘုတ်အဖွဲ့တွင် နာယကဖြစ်သည်။ 1MDBမှာ ပါဝါနှင့် ပိုင်ဆိုင်မှုအက်ဆက်များကို ရောင်းချခြင်းဖြင့် ကြွေးကန်ဒေါ်လာ ၁၁ဘီလျံကို ဖြတ်တောက်လျှော့ချရန် ကြိုစားရုန်းကန်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly