GIZ က မြန်မာနိုင်ငံက မိတ်ဖက်ဘဏ်များကို ကူညီရန် သက်တမ်းတစ်နှစ်ထပ်တိုး

GIZ က မြန်မာနိုင်ငံက မိတ်ဖက်ဘဏ်များကို ကူညီရန် သက်တမ်းတစ်နှစ်ထပ်တိုး

ဂျာမာန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)က မြန်မာနိုင်ငံက မိတ်ဖက်ဘဏ် သုံးခုဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ)၊ ရိုးမဘဏ် နှင့် အသေးစား နှင့် အလတ်စားစက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)တို့ကို ငွေရေးကြေးရေးဝန်ဆောင်မှု နှင့် ပတ်သက်သည့် အကူအညီများပေးရန် ၂၀၁၆ စက်တင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်သည်ဟု GIZက ထုတ်ပြန်သည်။

GIZ အနေဖြင့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ငွေရေးကြေးရေး ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ပေးရန် ရည်ရွယ်၍ မိတ်ဖက်ဘဏ်များကို နည်းပညာအကူအညီပေးကို ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် စတင်ပေးခဲ့သည်။ ယင်းအကူအညီသည် ယခုလကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နောက်တစ်နှစ်ထပ်တိုးရန် စက်တင်ဘာ ၂၂ရက်က သဘောတူလိုက်ခြင်းဖြစ်သည်။

GIZ၏ အကူအညီတွင် ကဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာ နှင့် ပြည်တွင်းအကြံပေးပညာရှင်များမှတစ်ဆင့် မိတ်ဖက်ဘဏ်သုံးခုကို နည်းပညာ အကူအညီပေးမည်ဖြစ်သည်။

"ဒါဟာ GIZရဲ့ တာဝန်ဖြစ်ပြီး ဘဏ္ဍာရေးကဏ္ဍတစ်ခုလုံး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရမှာကတော့ ဘဏ်တစ်ခုချင်းစီနဲ့ ဆိုင်ပါတယ်"ဟု GIZ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ပီထရာရှေးလ်က ပြောသည်။

မိတ်ဖက်ဘဏ် သုံးခုနှင့် GIZ တို့ အနာဂါတ်ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးတည်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်သင်တန်းများ ပေးရန်နှင့် ဘဏ်လုပ်ငန်းတွင် ချေးငွေပေးခြင်း လုပ်ငန်းစဉ်သစ်များ ခိုင်မာအားကောင်းလာရန် ဆောင်ရွက်မည်ဟု GIZက ထုတ်ပြန်ထားသည်။

GIZသည် ဂျာမာန်အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန (BMZ) အား ကိုယ်စားပြု၍ ၂၀၁၂ ခုနှစ်မှ ပြန်လည်စတင်ကာ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုလက်မှုသင်တန်းကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly