ကစားသမား အရည်အသွေးကြောင့် လူစာရင်း ပြောင်းလဲမှု အကြိမ်ကြိမ် လုပ်နေရဟု နည်းပြ ပြောဆို

ကစားသမား အရည်အသွေးကြောင့် လူစာရင်း ပြောင်းလဲမှု အကြိမ်ကြိမ် လုပ်နေရဟု နည်းပြ ပြောဆို
ထိုင်းယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲတွင် မြန်မာယူ-၁၉ အသင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MFF

၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် ကစားသမားများ အရည်အသွေးကြောင့် လူစာရင်း ပြောင်းလဲမှု အကြိမ်ကြိမ် ပြုလုပ်နေရသည် ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဆီဇီ ဖရိုင်းဒရစ်က ညည်းတွားခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ အတွက် ပဏာမကစားသမား ၂၃ ဦး စာရင်းထုတ်ပြန်ရာတွင် ပြီးခဲ့သည့် အာဆီယံပြိုင်ပွဲမှ ကစားသမားအချို့ ချန်လှပ် ခံခဲ့ရပြီး ဘောလုံးအဖွဲ့ချုပ်မှ လူငယ်အသင်းမှ ကစားသမားသစ်များ ထပ်မံ အားဖြည့်ခဲ့သည်။

“ကျွန်တော်တို့အသင်းက လူစာရင်း အပြောင်းအလဲ အကြိမ်ကြိမ် လုပ်နေရတာဆိုတာက ကစားသမားတွေရဲ့ အရည်အသွေး အားနည်းချက်ကြောင့်ပါ။ သူတို့ရဲ့ ဘောလုံးအကယ်ဒမီတွေ ကလပ်အသင်းတွေက ဘယ်လို လေ့ကျင့် ပေးလဲဆိုတာ မသိပါဘူး။

တချို့တွေက လိုချင်တဲ့ပုံစံကို သင်ပြလို့ ရပေမယ့် တချို့တွေဆိုရင် သင်လို့ကို မရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကစားသမား အပြောင်းအလဲတွေ များနေတာပါ။ ဒါပေမယ့် အသင်းက တိုးတက်လာပါပြီ။ ထိုင်းနဲ့ ပွဲ ဒုတိယပိုင်းမှာဆို ခြေစွမ်းကောင်းပါတယ် ”  ဟု ဂတ်ဆီဇီ ဖရိုင်းဒရစ်က ထိုင်း ယူ-၁၉ အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ သည့် ခြေစမ်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ)ကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပသွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်နေ့ထိ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ အုပ်စု (ဆ)တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စုတွင်း အမှတ်အများဆုံး အသင်းတစ်သင်း စီနှင့် အုပ်စု ၁၀ ခုမှ အကောင်းဆုံး ဒုတိယ ငါးသင်းတို့ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly