ဆီးရီုးယားတွင် ရုရှက တိုက်လေယာဉ် ၂၈ စင်း ဖြန့်ကြက်ချထား

ဆီးရီုးယားတွင် ရုရှက တိုက်လေယာဉ် ၂၈ စင်း ဖြန့်ကြက်ချထား

ဆီးရီးယားနိုင်ငံတွင်း ရုရှနိုင်ငံက တိုက်လေယာဉ် ၂၈ စင်းအား ဖြန့်ကြက်ချထားသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောပြီး စစ်မြေပြင်ဖြစ်နေသည့် ဆီးရီးယားတွင် ရုရှ၏ စစ်ရေးတည်ရှိမှု နောက်ဆုံး တိုးချဲ့လာခြင်းလည်းဖြစ်ကြောင်း ဆိုသည်။

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ရုရှ၏ ထောက်ပံ့ပေးနေသည့် လုပ်ဆောင်မှုများနှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှု ကြီးထွားလာရကြောင်း အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်များတွင် ဖော်ထုတ်ပြောထားပြီး အာဆတ်အစိုးရအား စစ်ရေးကျောထောက်နောက်ခံပြုခြင်းသည် ငြိမ်းချမ်းရေးကို ပျက်စီးစေမည်ဟုလည်း သတိပေးသည်။

ရုရှ၏ စစ်ရေးတည်ရှိမှု တည်ဆောက်ချဲ့ထွင်နေခြင်းသည် စစ်မက်ရေးရာအတွက် ရှေ့ပြေးနမိတ်ပင်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။ "တိုက်လေယာဉ် ၂၈ နဲ့ ဗုံးကြဲလေယာဉ်တွေကို ရုရှက ဆီးရီးယားမှာ တိုးချဲ့ချထားတယ်။"ဟု ဆီးရီးယားအနောက်ပိုင်း လာတာကီယာပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက အမည်ထုတ်ဖော်ခြင်းမပြုဘဲ အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

နောက်ထပ်အမည်ပြောဆိုခြင်းမရှိသည့် တာဝန်ရှိသူတစ်ဦးကလည်း ရုရှတို့၏ တိုက်လေယာဉ် ၂၈ စင်း ဖြန့်ကြက်ချထားသည့် သတင်းကို အတည်ပြုပြောပြီး စစ်အခြေစိုက်စခန်းတွင် ရုရှ၏ တိုက်ခိုက်ရေးနှင့် သယ်ပို့ရဟတ်ယာဉ် အစီး ၂၀ ခန့်ကိုလည်း ဖြန့်ကြက်ထားသည်ဟု ဖြည့်စွက်ပြောခဲ့သည်။

ထိုပြင် ရုရှတို့က ဆီးရီးယားမြေတွင် ဒရုန်းမောင်းသူမဲ့ယာဉ်များဖြင့် စစ်ဆင်ရေးများ ဆင်နွှဲနေသည်ဟုလည်း ယင်းတာဝန်ရှိသူက ပြောပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိပေ။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly