မောင်မှန် ဒိုင်ယာလော့

22 September 2015
မောင်မှန် ဒိုင်ယာလော့

မောင်မှန် ဒိုင်ယာလော့

ပြိုင်စံမပေါ်နိုင် နိုင်ငံကျော်စာရေးဆရာ မောင်မှန်နဲ့ အမှတ်မထင် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဆရာမောင်မှန်ဟာ အင်တာဗျူး မေးလေ့ရှိသူ မဟုတ်သလို သူနဲ့ ကြုံကြိုက်ဖို့ရာလည်း အင်မတန်မှ ခဲယဉ်းပါတယ်။ ရှားရှားပါးပါး တွေ့ခွင့်ခဏလေးမှာပဲ ဆရာမောင်မှန်ဆီက သိမှတ်ဖွယ်ရာ အဖြာဖြာကို အရအမိ နှိုက်ထုတ်ပြီး စာဖတ်ပရိတ်သက်များထံ အမိအရ တင်ဆက်လိုက်ပါတယ်။

တစ်ခေတ်တစ်ခါက ပေါက်မြောက်အောင်မြင်ခဲ့တဲ့ ဆရာဝင်းငြိမ်းရဲ့ ပေဖူးလွှာ အင်တာဗျူးများ၊ ဆရာဟိန်းလတ်ရဲ့ မဟေသီ အင်တာဗျူးများလို အခု ကျွန်တော်ရဲ့ မဇ္ဈိမ အင်တာဗျူးဟာလည်း စာပေသမိုင်း မှာအခိုင်အမာ ကမ္ဗည်းတင်ကျန်ရစ်မှာ မြင်ယောင် နေမိပါသေးတယ်။ အယ်ဒီတာက ဆက်လက် တာဝန်ပေးလာမယ်ဆိုရင် နောက်လ၊ နောက်လတွေမှာ နောက်ဆရာ၊ ဆရာမတွေနဲ့ ဆက်လက် အင်တာဗျူးပေးဖို့ တာဝန်ယူသွားမှာဖြစ်တဲ့အကြောင်း ကြိုတင် သတင်းကောင်း ပါးလိုက် ရပါတယ် ခင်ဗျာ။

မေး ။  ။ ဆရာ စာပေလောကထဲ စတင်ဝင်ရောက်လာပုံလေး သိပါရစေခင်ဗျာ။

ဖြေ ။   ။ ကျုပ်က ခေတ်ကောင်းမီတယ် ပြောရမယ်ဗျ၊ ဟိုးရှေးရှေးကဆို စာပေလောကထဲ သိပ်အ လွယ်တကူ ဝင်ဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေလောကရဲ့ ဖခင်ကြီး သခင်ခင်ညွန့်က စာပေလောကကို စခဲ့တာ မော်တော်ကားလေးနဲ့တဲ့၊ ဒီတော့ အဲဒီခေတ်ကလူတွေ စာပေလောကထဲ ဘယ်ဝင်လို့ လွယ်ပါတော့မလဲ၊ အနားလောက်ပဲ ကပ်လို့ရမယ်လေ၊ ကျုပ်တို့ခေတ်ကျ စာပေလောက က ၃၃ လမ်းထဲမှာ ဆိုင်းနဲ့ကန္နားနဲ့ ဖြစ်နေပြီ၊ ဒီတော့ ကျုပ်က အလွယ်တကူ ဝင်လို့ရသွားတာပေါ့။ ဒီဘက်ခေတ် ကလေးတွေ ပိုကံကောင်းပါတယ်။ စာပေလောကက ဆိုင်ခွဲတွေအများကြီး ဖွင့်လာတော့ ကိုယ်နဲ့နီးတဲ့ဆိုင် ဝင်လိုက်ရုံပါပဲ။

မေး ။  ။ ဒါကိုမေးတာ မဟုတ်ဘူးခင်ဗျ။ ဆရာ ဘယ်အချိန်ကစပြီး စာရေးသလဲလို့ မေးတာပါ။

ဖြေ ။   ။ စာရေးတာကတော့ မူကြိုကျောင်းသားဘဝထဲကပေါ့။ နှစ်တွေမနည်းတော့ပါဘူး။

မေး ။  ။ ထားပါတော့ ဆရာ၊ ဒါတွေမမေးတော့ပါဘူး။ ခုတလော စာပေနယ်ပယ်မှာဟောနေတဲ့ အကြောင်းလေး မေးချင်ပါတယ်။ ဟို…ဟို နာမည်လေးလုံးနဲ့ Facebook ပေါ်က စာရေးဆရာမလေး ကိစ္စလေ၊ ဆရာ ဘယ်လို သဘောရလဲဆရာ။

ဖြေ ။   ။ အမျိုးသမီး အခွင့်အရေးဆိုတာ အဲဒါပဲဗျ၊ ဒါမျိုး ကျုပ်တို့ ယောကျ်ားတွေ မရနိုင်ဘူး။ ကလေး မလေးက ပါးပါးလေး ပုတ်လိုက်ရုံရှိသေး၊ အခု အကုန်ဝိုင်းလိုက်နေပြီမဟုတ်လား။ ဂျာနယ်တွေရော၊ ရုပ်သံဌာနတွေရော၊ ဝုန်းကနဲထဖြစ်သွားတာ၊ မှန်တာမှားတာ၊ ကောင်းတာဆိုးတာ ကျုပ်မပြောဘူး နော်။ အမျိုးသမီး အခွင့်အရေးလို့ပဲ ပြောတာ။ ဒါတောင် ပုံဆိုးပန်းဆိုးကြီးဆိုရင် အမျိုးသမီးပေမယ့် အခွင့်အရေးမျိုး မရနိုင်ပါဘူး။

မေး ။  ။ ကျွန်မက နှင်းဆီပါမောင်ဆိုတဲ့ ရုပ်ရှင်ကားကြီး online ပေါက်ကြားမှု ဖြစ်တဲ့အပေါ် ဆရာ့ သဘောထား သိပါရစေလား။ စာပေနဲ့ သိပ်မဆိုင်ပေမယ့် လောလောဆယ် pop ဖြစ်နေလို့ပါ။

ဖြေ ။   ။ စာပေနဲ့ သိပ်မဆိုင်တာတော့ Facebook စာရေးဆရာမလည်း သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် ဖြေပါမယ်။ online က ပေါက်ကြားလာတော့လည်း ငွေမကုန်ဘဲ ကြည့်ရတာပေါ့။ ဥပဒေအရ အရေး ယူမယ်၊ ဘာညာဆိုတော့လည်း ကြောက်ရတာပေါ့။ တချို့ မင်းသမီးတွေကျတော့လည်း သဘော သိပ်ကောင်းတာပဲ။ ဥပဒေစကားတွေ ဘာတွေ ပြောမနေဘူး။ ကိုယ်တိုင်ရိုက်က ထုတ်လုပ်ပြီး online ပေါ် လွှင့်တင်လိုက်တာပဲ၊ ကြိုက်သလိုကြည့်၊ ကြိုက်သလောက်ကူး၊ ဘာပြဿနာမှ မရှာဘူး။

မေး ။  ။ စာပေရေးရာဘက် ဆက်လိုက်ကြရအောင်ဆရာ၊ ဒီကနေ့ ရသစာပေတွေ တန်ဖိုး ကျဆင်းနေ တဲ့အပေါ် ဆရာ ဘယ်လို သဘောရပါသလဲ။

ဖြေ ။   ။ ရသစာပေမှ မဟုတ်ပါဘူး။ အကုန်လုံး တန်ဖိုး ကျနေတာပဲ၊ သတင်းစာတို့ ဂျာနယ်တို့ဆိုရင် တစ်ပိဿ ၅၀ တောင် တောင်းတောင်းပန်ပန် ရောင်းရတယ်။ မဂ္ဂဇင်းအဟောင်းဆို ဝယ်သူတောင် မရှိဘူး။

မေး ။  ။ ရသစာပေ ကျဆင်းနေပေမယ့် စာပေအဖွဲ့အစည်းတွေ အတောလေး တိုးတက် များပြားလာ တာ တွေ့ရပါတယ်။ ဆရာကရော ဘယ်အဖွဲ့အစည်းကပါလဲ။ စာပေ အဖွဲ့အစည်းများအပေါ် ဆရာရဲ့ အမြင်လေး…….။

ဖြေ ။   ။ ကျုပ်က ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါဘူး။ သီးခြား လွတ်လပ်သော မောင်မှန်ပါ။ ဒီမိုက ရေစီအသွင် ကူးပြောင်းရေးကာလကြီးမှာ ဒါမျိုးတွေ ခေတ်စားတယ်မို့လား။ ဘက်မလိုက်သောတို့ ဘာတို့ပေါ့။ စာပေ အဖွဲ့အစည်းတွေကတော့ များလေ ကောင်းလေပါပဲ။ ပါတီစုံ ဒီမိုကရေစီ ဆိုသလို စာပေစုံ ဒီမိုကရေစီပေါ့။

မေး ။  ။ ဒါနဲ့ ဆရာ၊ နှစ်ဆန်းပိုင်းတုန်းက ကြားလိုက်တယ်။ နော်ဝေးနဲ့ ဒီကဆရာတွေ ပေါင်းစီစဉ်ကြ တယ်၊ ဆိုလားပဲ၊ စာပေရိပ်သာကြီး ကိစ္စလေ၊ House of Literature ပေါ့၊ ပြန်ကြားရေးဝန်ကြီး ဌာနက ၄၃ လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့ ဂါးဒီယန်း သတင်းစာတိုက်နေရာကို ပေးမယ်လို့ ကြားတယ်။ အဲဒါ ဆရာ ဘယ်လို သဘောရပါသလဲ။

ဖြေ ။   ။ ကျုပ်လည်းကြားပါတယ်။ ပြန်ကြားရေးထီးရိပ်မှာ ချွေးသိပ်လို့ ရပြီပေါ့။ ပြန်ကြားရေး ရင်ခွင် မှာ ခိုဝင်လို့ရပြီပေါ့။ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ ကျုပ်တို့ စာပေသမားတွေ တစ်သက်လုံး ငတ်မွတ် တောင်းတ သွားရည်ကျလာရတဲ့ အခွင့်အရေးကြီးပဲ။ အရင်ကများဆို ဒါမျိုးကို အစိုးရထိန်းချုပ်တဲ့ စာပေအသင်းတွေကပဲ လက်သိပ်တိုးရတက်ကြတာ၊ အခု ဒီလိုမဟုတ်တော့ဘူး။ သီးခြားလွတ်လပ်တဲ့၊ အမှီအခို အနှောင်အဖွဲ့ကင်းတဲ့ အယူဝါဒ အစွဲအလန်းကင်းပြီး ဘက်မလိုက်တဲ့…. (အမယ်လေး မော လိုက်တာ) စာပေအဖွဲ့အစည်းတွေလက်ထဲ အပ်နှင်းတော့မယ်ဆိုတာ ကျက်သရေ မင်္ဂလာ ရှိလှပါ တယ်။ တဆက်တည်း စဉ်းစားလုပ်ဆောင်သင့်တာက အဲဒီစာပေရိပ်သာကြီးမှာ စာနယ်ဇင်းတရားရုံးပါ ထည့်သွင်း စီမံထားရှိဖို့ပါ။ ဒါမှလည်း ပြန်ကြားရေးနဲ့ စာပေသမား၊ စာနယ်ဇင်းသမားများ အမှုအခင်း ဖြစ်တဲ့အခါ စာပေရိပ်သာကြီးထဲတင် ကိစ္စပြတ်နိုင်တာပေါ့။ အပြင်တရားရုံးတွေလျှောက် အမှုဆိုင် နေရတာ အလုပ်ရှုပ် ပင်ပန်းတာပေါ့၊ ဒီထဲတင်ဆိုတော့ ကိစ္စပြတ်ကရောပဲ၊ နှစ်ဦးနှစ်ဖက် အကျိုးများ မှာပါ၊ ပြန်ကြားရေးက တရားစွဲတဲ့ အမှုတွေကလည်း နည်းမှတ်လို့။

မေး ။  ။ ကဗျာဆရာ သမဂ္ဂကတော့ မေလ ၉ ရက်နေ့စွဲနဲ့ စာပေရိပ်သာဖောင်ဒေးရှင်း အစီအစဉ်မှာ ဆက်လက် မပါဝင်တော့ဘူးလို့ ကြေညာချက် ထွကလာတာတွေ ရတယ်ဆရာ။ ဆရာ သိလိုက်သာလား မသိဘူး။

ဖြေ ။   ။ သိလိုက်ပါတယ်။ သိလိုက်ပါတယ်။ ပြန်ကြားရေးနဲ့ အချက်တစ်ချက်ကို လက်မခံနိုင်ကြောင်း ဥပမာ ထုတ်ပြထားတာ တွေ့ရပါတယ်။ Free From Political နိုင်ငံရေးနှင့် လွတ်ကင်းရမည်ဆိုတဲ့ အချက်တဲ့။ Freedom For Fear ဆိုတဲ့ ခေတ်အလွန်မှာ Free From Political ခေတ် ရောက်လာတဲ့ သဘောပဲ။ ဒီလူတွေ (ကဗျာဆရာတွေ) ပြန်ကြားရေးဝန်ကြီးဌာနတွေကို သိပ်သဘော မပေါက်လို့ ပါ။ ပြန်ကြားရေးဆိုတာက အစကတည်းက ဘက်မလိုက်တဲ့ ဌာနကြီးလေ။ မီဒီယာတွေကို တည့်မတ် ပေးဖို့ရာအတွက်လောက်ပဲ ရည်ရွယ်ရပ်တည်နေတာ၊ သူတို့နဲ့ အလုပ်တွဲလုပ်ရင် နိုင်ငံရေး ကင်းရှင်း မှ ဖြစ်မှာပေါ့။ ဒါပေမဲ့ ကင်းရှင်းရမယ်၊ လွတ်ကင်းရမယ်ဆိုရာမှာ ပါတီနိုင်ငံရေးကို ပြောတာ ဖြစ်မှာပါ။ အမျိုးသား နိုင်ငံရေးတို့၊ အမျိုးသားနိုင်ငံရေးကို အခြခံသော ပါတီနိုင်ငံရေးတို့ဆိုရင် ရလောက်ပါ တယ်။ ခေတ်အဆက်ဆက် ပြန်ကြားရေးဆိုတာ အမျိုးသား နိုင်ငံရေးသမား အစစ်ကြီးတွေမို့လား၊ ကျုပ်သာ ဆို မထွက်ဘူး။ ဆက်နေမှာ။

မေး ။  ။ ကဗျာဆရာသမဂ္ဂဆိုလို့ မကြာသေးမီက ခေတ်ပေါ်ကဗျာကို အမျိုးသားစာပေဆု စာရင်းဝင် ရေး၊ မဝင်ရေးလို့ ပြောရမလား၊ ပေးရေး၊ မပေးရေးလို့ ပြောရမလား၊ အသံတွေ အတော် ကြားလိုက်ရ သေးတယ်နော်။ အဲဒီ့ ကိစ္စအပေါ် ဆရာ့အမြင်…..။

ဖြေ ။   ။ အမေးရှိတော့လည်း အဖြေရှိရတော့မပေါ့၊ ဆိုရေးရှိက ဆိုအပ်လှ၏။ ဆိုမဟုတ်လား၊ ဆုပေးတယ်ဆိုတဲ့ ကိစ္စဟာ ပေးသူတွေအပိုင်းက သူတို့ကြိုက်ရာသူတို့ပေးမှာပေ့ါ။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်က သားကိုရွေး၊ သမီးကိုရွေးပြီး ကလေးတွေအော်သလို ကျနော်ကိုပေး၊ ကျွန်မကိုပေး အော်နေလို့ရတာမျိုးမှ မဟုတ်တာ။ စီမံချက်လှယ်နိုင်သူ ငွေကပေးချင်စိတ်ရှိရင် ပေးမှာပေ့ါ။ ဆွေးနွေး ညှိနှိုင်းစရာမလိုဘူးလို့လည်း ထင်တာပဲ။ အတိတ်ကိုဆောင်ရရင် ဖ.ဆ.ပ လိုအစိုးရမျိုးပေးတဲ့ စာပေ ဆုကိုတောင် စာရေးဆရာကြီး ဆရာဗန်းမော်အောင်က မယူခဲ့ဘူး၊ အခုကဗျာဆရာတွေ စဉ်းစားဖို့ ကောင်းပါတယ်။ ပေးခဲ့ရင်တောင် ယူဖို့၊ မယူဖို့ကိစ္စလေ၊ ကျုပ်ကတော့ ကဗျာလည်းမရေးတတ်လေ တော့ ကဗျာရစရာအကြောင်းကိုလည်း မရှိပါဘူး။ အခြားဆုများရရင်တေ့ာ လိုချင်တာအမှန်ပါ။ လူကိုပစ်လိုက်ဦးမှာ ကျုပ်ပြောသလို ကျုပ်လုပ်သလိုတေ့ာ မလုပ်ကြပါနဲ့။ ဟဲ… ဟဲ။

မေး။   ။ စကားမစပ် ဆရာရေ၊ online ပေါ်မှာတွေ့လေ့ရှိတတ်တဲ့ ကဗျာလိုလို၊ အပြာလိုလို အရေး အတွေးနဲ့ ပတ်သက်လို့ရော ဆရာဘယ်လိုသဘောရသလဲ။

ဖြေ။    ။ ကျုပ်တို့ငယ်ငယ်က ခိုးကြောင်ခိုးဝှက်ဖတ်ရတဲ့ လူမြင်မခံဝံ့တဲ့ စာအုပ်တွေကို အခုအများမြင် မှာ ပေါ်ပေါ်ထင်ထင်ဖတ်လာရတဲ့ သဘောပါပဲ။ ပွင့်လင်းမြင်သာလာတာလား၊ ဟီရိသြတ္ကပကင်းလာ တာလားတော့ ကျုပ်လည်းသေအချာမပြောတတ်ဘူး။

မေး။   ။ စာပေလွတ်လပ်ခွင့် အနေအထားကရော ဆရာ…။

ဖြေ။    ။ ရေးချင်ရာသာ လွတ်လွတ်လပ်လပ်ရေးသားထုတ်ဝေပါ။ ပြန်ကြားရေးကလည်း လွတ်လွတ် လပ်လပ်ပဲ တရားစွဲပါလိမ့်မယ်။

မေး။   ။ စာပေဟာ ဘာအတွက်လဲ ဆရာ။

ဖြေ။    ။ စာမူအတွက်ပါ။

မေး။   ။ စာပေနဲ ပမဆိုင်ပေမဲ့ အခု current ဖြစ်နေတဲ့ ကိစ္စမို့ပါဆရာ၊ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဆရာ့သ ဘောထား သိပါရစေ။

ဖြေ။    ။ အခုထွက်နေတဲ့ မဲစာရင်းတွေလိုပဲလို့ မြင်ပါတယ်။

မေး။   ။ ဖွဲ့စည်းပုံ မမြင်ရင် ဘာဖြစ်မလဲ ဆရာ။

ဖြေ။    ။ ဘာမှမဖြစ်ပါဘူး။ ဖွဲ့စည်းပုံက ပျက်နေတာမဟုတ်ဘဲ၊ ပြင်တယ်ဆိုတာ ပျက်မှလေ၊ မပျက် တာချည်းကိုကို သွားပြင်လို့ ဘယ်ရမလဲ၊ ဟဲ….ဟဲ၊ ခင်ဗျား မဆိုင်တာတွေ မေးနေတာ များပြီးနော်။

မေး။   ။ ဆိုင်တာပဲ မေးပါတော့မယ် ဆရာ၊ ဆရာအကြိုက်ဆုံး စာရေးဆရာတွေ…၊

ဖြေ။    ။ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ စောပြည့်မာလာ၊ စိုင်းစိုင်းခမ်းလှိုင်၊ စိုးမြတ်သူဇာ၊ မအိုဇာ၊ တာတေ ကြီး၊ မဖဲဝါ…. ပြောရရင်အများကြီးပဲ၊ ဟို Facebook က တစ်ယောက်ကိုလည်း ကြိုက်တော့ ကြိုက် တယ်။ ဒါပေမဲ့ သူ့စာကို မဖတ်ဘူးလေတော့ အကြိုက်ဆုံး စာရင်းထဲ သွင်းရခတ်နေတယ်။

မေး။   ။ နောက်ဆုံး မေးခွန်းပါဆရာ၊ အနုပညာသည် အနုပညာသည်အတွက် ဆိုတာနဲ့ အနုပညာသည် ပြည်သူအတွက်ဆိုတာမှာ ဆရာ ဘယ်ဟာကို ယုံကြည်ပါသလဲ။

ဖြေ။    ။ ကျုပ်အတွက် အနေအစား ချောင်မယ့်ဟာကို ယုံကြည်ပါတယ်။

မေး။   ။ ကျေးဇူးတင်ပါတယ်ဆရာ၊ ပရိသတ်ကို ပြောလိုတာများရှိရင် တစ်ခုခုပြောပါဦး။

ဖြေ။    ။ စာအုပ်မရှိတဲ့အခန်းဟာ ဝိညာဉ်ကင်းမဲ့တဲ့ ခန္ဓာကိုယ်နဲ့ တူတယ်လို့ ပဒေသရာဇာ ပြောဖူး တယ် မှတ်တာပဲ၊ ဒီတော့ စာအုပ်တွေများများ ဝယ်ကြပါ။ အထူးသဖြင့် ကျုပ်စာအုပ်တွေပေ့ါ။ ဖတ်ချင်ဖတ် မဖတ်ချင်နေ၊ အခန်းထဲထည့်ထားတယ်ဆိုရင်ပဲ ဒီအခန်းကအသက်ဝင်သွားပြီး ကျုပ်က လည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags