အနောက်နိုင်ငံ သံရုံးတွေရဲ့ စိုးရိမ်ပူပန်မှု အခြေအမြစ် ရှိသလား

အနောက်နိုင်ငံ သံရုံးတွေရဲ့ စိုးရိမ်ပူပန်မှု အခြေအမြစ် ရှိသလား

ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်နေ့က ရန်ကုန်အခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ဆွီဒင်၊ ဗြိတိန်နဲ့ အမေရိကန်သံရုံးတွေ ပူးပေါင်းပြီး ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ သူတို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံ တွေအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်း တစ်ခုအနေနဲ့ အသုံးချ ပြီး သွေးခွဲခြင်းနဲ့ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်ပူပန် တယ်လို့ ဆိုပါတယ်။ ချက်ခြင်းဆိုသလိုပါပဲ။ အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်နေ့မှာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြတ်ပြတ်သားသား ပယ်ချပါတယ်ဆိုတဲ့ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံ သံရုံးတွေရဲ့ ကြေညာချက်ဟာ အခြေအမြစ် မရှိလို့ လား၊ မြန်မာအစိုးရ ကရော ဘာကြောင့် မြန်မြန်ဆန်ဆန် ပယ်ချခဲ့တာလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သံရုံးတွေရဲ့ ပူးတွဲကြေညာချက်ထဲမှာ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လိမ့်မယ် ဆိုတဲ့အကြောင်း၊ ဒါကြောင့် သူတို့ အနေနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုကို အခြေပြုထားတဲ့ စိတ်ချယုံကြည်ရတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အသိပေး နှိုးဆော်တဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီပေးနေတဲ့အကြောင်း ဖော်ပြထားပါတယ်။ တဆက်တည်း ရွေေးကာက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားရတဲ့ သူတို့နိုင်ငံတွေအနေနဲ့ မဲဆွယ် စည်းရုံးရေး ကာလမှာ ဘာသာရေးကို နည်းလမ်းတစ်ခုအဖြစ် အသုံးချပြီး သွေးခွဲခြင်းနဲ့ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြပါတယ်။

အခုလို စိုးရိမ်ပူပန်ရတာဟာ မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။ နောက်ဆုံး အပိုဒ်မှာတော့ “ရွေးကောက်ပွဲ များသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှု ရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန် လေးစားခြင်းနှင့် ကျောသားရင်သား မခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေ ဖြစ်ရေးတို့ကို အသိအမြင် ကျယ်ပြန့် လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ် သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံ သားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ရွေးကောက်ပွဲစည်းမျဉ်း များနှင့် ဥပဒေများ အားလုံးကိုလည်း ပြဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမ ရွေး မျှတမှုရှိရန်၊ တသမတ်တည်း ဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုပါ သည်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့  ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် “ မြန်မာနိုင်ငံသည် ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံရှိသည့် လူမျိုး များစွာ နေထိုင်သော နိုင်ငံဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ် များတွင် နိုင်ငံ၏ လူမှု သဟဇာတ ဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ် ယုံကြည်မှုများကို ထိခိုက်နစ် နာစေသည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများအားလုံး ရှောင်ရှားရန် လိုအပ်ကြောင်း” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပြီ ဖြစ်ကြောင်း၊ ဒီလို အချက်တွေနဲ့ ပါတ်သက် ပြီး ဖွဲ့စည်းပုံထဲမှာလည်း အတိ အလင်း ဖော်ပြထားပြီ ဖြစ်တဲ့အကြောင်း ဒါကြောင့် “ပူးတွဲကြေညာ ချက်သည် ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင် လွဲမှားမှုများ၊ သံသယများ ပေါ်ပေါက်စေနိုင် သည့် တစ်ဖက်သတ် သုံးသပ်ဖော်ပြ ချက်များ ဖြစ်သည်ကို တွေ့ရှိရပါသည်” ဆိုပြီး ပြတ်ပြတ်သား သား ပယ်ချလိုက်တာ ဖြစ်ပါတယ်။

ကောင်းပါပြီ။ အရင်က ဖြစ်ခဲ့တာတွေ အသာထားလို့ လတ်တလော ဖြစ်ပျက်နေတာတွေ ကရော ဘာသာရေး လူမျိုးရေးဆန်တဲ့ ပုတ်ခတ်မှုတွေ၊ ပဋိပက္ခ ဖြစ်ဖွယ်ရာတွေ မရှိဘူးလား ဆန်းစစ် ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက အာရ်အက်ဖ်အေ သတင်းဌာနဟာ အနောက်နိုင်ငံ သံရုံးတွေက အဲဒီ ကြေညာချက် ထုတ်တာနဲ့ ပတ်သက်ပြီး မဘသခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင် ဝီရသူကို အင်တာဗျူး လုပ်ပါတယ်။ အင်တာဗျူးမှာ ဦးဝီရသူက “မူဆလင်တွေကို မဲဆွယ်ဖို့ဆိုပြီး အန်အယ်ဒီက မန္တလေး တာဝန်ခံ ဒုဥက္ကဌ ဒေါ်ဝင်းမြမြကို တာဝန် ပေးထားတာပေါ့။ မူဆလင်ဆီကို စည်းရုံးရေးဆင်းဖို့။ အဲဒီလို တကူးတကကြီး မူဆလင်မဲရအောင် တာဝန်ပေး စည်းရုံးခိုင်းတာတော့ အန်အယ်ဒီပါတီ တစ်ခုထဲဘဲ ရှိတာပေါ့နော်။ ကျန်တာတွေကတော့ ယေဘုယျ ဆန်ပါတယ်။ အကုန်လုံး မူဝါဒကို ချပြပြီးတော့မှ စည်းရုံးသွားတာပါ။ မူဆလင်ကြီး သီးသန့် စည်းရုံးတဲ့ ပါတီမရှိ သလို ခရစ်ယာန်ကြီး သီးသန့်သွားပြီး စည်းရုံးတဲ့ ပါတီ မရှိပါဘူး။ ပြည်သူူအားလုံးကိုဘဲ တသားထဲ ထားပြီး စည်းရုံးသွားတဲ့ ပါတီတွေပဲ တွေ့ရပါတယ်။အန်အယ်ဒီတွေရဲ့ စည်းရုံးရေး ပုံစံတွေကတော့ ဦးပုဇဉ်းတို့ ဘုရားတရားတော်နဲ့တော့ မညီပါဘူးခင်ဗျာ” ဆိုပြီး မိန့်ကြားခဲ့ပါတယ်။

အလားတူပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဧရာဝတီတိုင်းမှာ ပြုလုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်မြင်မှု ဂုဏ်ပြုကြိုဆိုပွဲမှာ မဘသ ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က အင်န်အယ်လ်ဒီပါတီကို မဲမပေးဖို့ ပြောင်ပြောင်တင်းတင်းပဲ မိန့်ကြားခဲ့ပါတယ်။ ပွဲမှာ ဆရာတော်က “ အစ္စလာမ်ဘာသာကို ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူး လား၊” လို့ ပရိတ်သတ် ကိုမေးပါ တယ်။ ပရိတ်သတ်က “ မပေးပါဘူး ဘုရား” လို့ ပြန်လျောက်ပါ တယ်။ ဒီအခါ ဆရာတော်က “ဘယ်ပါတီလဲ” ဆိုပြီး ပြန်မေးပါတယ်။ တက်လာတဲ့သူတွေက “အင်န်အယ်လ်ဒီပါ ဘုရား” ဆိုပြီး ဖြေပါတယ်။

ဒီအခါ ဆရာတော်က “ အေး ကိုယ့်ဖာသာသိ” ဆိုပြီး ပြန်မိန့်ခဲ့ပါတယ်။ အလားတူပါပဲ။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ လုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်မြင်တဲ့ အထိမ်းအမှတ်ပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ မဘသ ဗဟိုဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်ကလည်း “မျိုးစောင့်ဥပဒေ ဖျက်မယ့်သူတွေကို ရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေကို ကာကွယ်မယ့် သူတွေကိုသာ ကိုယ်စားလှယ်လောင်း ရွေးချယ်ကြဖို့ အဓိက လိုအပ်တယ်” ဆိုပြီး အင်န်အယ်လ်ဒီကို မဲမပေးဖို့ သွယ်ဝိုက် ပြောဆိုတာမျိုး လုပ်ခဲ့ပါတယ်။

ဒါတွေက မြန်မာနိုင်ငံမှာ ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယက အဖွဲ့ကြီးပြီးရင် တစ်ခုတည်း သော တရားဝင် သံဃာ့ အဖွဲ့အစည်းဖြစ်တဲ့ မဘသ ဦးဆောင် ဆရာတော်တွေရဲ့ တရားဝင် မိန့်ကြားချက်တွေပဲဖြစ် ပြီးအခြား အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ သေးသေးဖွဲဖွဲ ကိစ္စလေးတွေ တောင် မပါဝင်သေးပါဘူး။ ဒီ အခြေအနေတွေကို ဆန်းစစ်ကြည့်ရင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် အဖက်ဖက်က ကူညီနေတဲ့ အနောက်နိုင်ငံ သံရုံးကြီးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အခြေအမြစ်ရှိပြီး စိုးရိမ်ပူပန်စရာလည်း ကောင်းပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags