ပြည်သူများ အသံထွက်ရမည့် အချိန်

ပြည်သူများ အသံထွက်ရမည့် အချိန်

မြန်မာပြည်သူများသည် နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရအဆက်ဆက်၏ အာဏာရှင်ဆန်သော ဖိနှိပ် အုပ်ချုပ်မှုအောက်တွင် ပိပြားငြိမ်ဝပ်စွာ နေခဲ့ရသဖြင့် မိမိတို့၏ အသံများ ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပေပြီ။ နိုင်ငံသား တစ်ဦးချင်း၏ ရသင့်ရထိုက်သော အခွင့်အရေးများလည်း ဆုံးရှုံးခဲ့သည်။ နိုင်ငံသားတစ်ဦးချင်းသည် တန်းတူညီမျှမှု မရဘဲ အာဏာရှိသူနှင့် ပေါင်းသင်းနိုင်က အခွင့်အရေး ပိုသာသလို ဖြစ်ခဲ့သည်။

အာဏာသည် အကျင့်ပျက်မှုကို ဖြစ်စေရာ အာဏာနည်းနည်းရှိက နည်းနည်း အကျင့်ပျက်ပြီး အာဏာများက အာဏာရှင် ဖြစ်သွားသည်။ အာဏာရှင်ဖြစ်လျှင် ၎င်းတို့လုပ်သမျှ မှန်သည်၊ တရား သည်ဟု ထင်တတ်ကြသည်။ မြန်မာနိုင်ငံ အရပ်ရပ်တွင် အစိုးရ၊ စစ်တပ်၊ ၎င်းတို့နှင့် နီးစပ်သူများသည် သာမန်ပြည်သူများကို ဖိနှိပ် အုပ်စီးထားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

သို့သော် မီဒီယာလွတ်လပ်ခွင့်နှင့် ဆက်သွယ်ရေးစနစ်များ မကြာမီ နှစ်ပိုင်းအတွင်း တဖြည်း ဖြည်း တိုးတက်လာသဖြင့် လူထုသည် ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများကို လူများများသိစေရန် ဖော်ထုတ် ၊ရေးသား ၊ပြောဆို၊ တင်ဆက်လာခဲ့သည်။ ပြည်သူများသည် ယခင်က ခံရသော်လည်း အသံမထွက်ခဲ့ ကြဘဲ ကြိတ်ခံခဲ့ရသည်။ ယခုအခါ အသံထွက်ခွင့်၊ ထုတ်ဖော်ခွင့် ရလာကြသည်။

ယခုအခါ မြန်မာ့လွတ်လပ်ရေး ရပြီးချိန်မှ စတင်တွက်ချက်သော် ဆဋ္ဌမအကြိမ်မြောက် ဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ (၂၀၁၅ အထွေထွေရွေးကောက်ပွဲ) ကို လာမည့် နိုဝင်ဘာ ၈ တွင် ကျင်းပတော့ မည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီ ၉၂ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြသည်။

မဲဆန္ဒရှင် ပြည်သူအများစုသည် စားဝတ်နေရေးနှင့် နပန်းလုံးနေရသည်ဖြစ်ရာ လာလတ္တံသော အထွေထွေရွေးကောက်ပွဲကို စိတ်မဝင်စားအားပါ။ မပြည့်မစုံနှင့် မှားယွင်းနေသော မဲစာရင်းများ အကြိမ်ကြိမ် ထုတ်ပြန်နေသည်ကိုလည်း မကြည့်အားကြပါ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအားဖြင့် ပြည်သူတို့၏ ဘဝများ တိုးတက် မြင့်မားသွားမည်ဟုလည်း မယုံကြည်ကြပါ။ သို့ဆိုလျှင် မည်သည်တို့ မှားနေ သနည်း၊ စဉ်းစားဖွယ်ရာပင်။

စစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၂၇ နှစ်ခန့် အတိုက်အခံ လုပ်လာခဲ့သော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ပြောင်းလဲချိန်တန်ပြီဟု လူထုကို လှုံ့ဆော်သည်။ လက်ရှိ အနေအထားမှသည် နိုင်ငံသားများ တစ်ဦးချင်းအနေနှင့် ရထိုက်ရထိုက်သော အခွင့်အရေးများ ရရှိရန် အစိုးရအပြောင်းအလဲ၊ လွှတ်တော်အပြောင်းအလဲ၊ စနစ်အပြောင်းအလဲ လိုသည်ဟု ဆိုလိုရင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင်ကြမည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းပေါင်း ၆,၀၀၀ ကျော်တို့သည် ပြည်သူတို့၏ စိတ်နေစိတ်ထားနှင့် လက်တွေ့၊ မျက်တွေ့ ခံစားချက်များကို တစ်မျိုးတစ်ဖုံ၊ တစ်နည်း တစ်လမ်း အကဲစမ်းလာကြပြီဖြစ်ရာ မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်ကောင်းကို မဲဆန္ဒရှင် ပြည်သူများက ရွေးချယ်ရပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရသော် ကြိတ်ခံ မှိတ်ခံထားရသော ခေတ်မှ သည်ပြည်သူများအသံ ညံဆူရမည့်အချိန် ဖြစ်သည်။

ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေး ပါတီပေါင်းစုံကို ပြည်သူများက စောကြော စိစစ် ဖြတ်ချ ပစ်ရမည်။ မဲဆွယ်စည်းရုံံးလာသော နိုင်ငံရေး ပါတီကိုယ်စားပြုနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်စသည့် ပြည်သူ့ ကိုယ်စာလှယ်လောင်းများကို  မထောက်မညှာ မေးခွန်းများ မေးရလိမ့်မည်။ အဖြေသည် မကျေနပ်နိုင်၊ အားမရသည်ရှိသော် မိမိတို့၏ အသည်းကြားက မဲတစ်ပြားကို မတောင်းခံနိုင်ဟု တိတိ လင်းလင်းချေပ ကန့်ကွက်ကြရမည်။

နှစ်ပေါင်း ၅၀ ကျော် နိုင်ငံသားအခွင့်အရေး တန်းတူညီမျှမှု မရှိ၊ ပြည့်ပြည့်ဝဝ ရသင့်ရထိုက်ပါ လျှက်နှင့် မရခဲ့ကြသော မဲဆန္ဒရှင် ပြည်သူများသည် နိုင်ငံသားတစ်ဦးချင်း၏ အခြေခံ အခွင့်အရေးများ ကို အမြန်ဆုံး ရထိုက်ကြပါပေသည်။ ထိုသို့ရရှိရန် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ် စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ သည် မဲဆွယ်သူ ပြည်သူ့ ကိုယ်စားလှယ်လောင်းများထက် မဲဆန္ဒရှင် ပြည်သူများ၏ အသံများ ညံစီရမည့်အချိန်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags