ရွေးကောက်ပွဲ အတွေ့အကြံုမရှိသည့်အပြင် စည်းရုံးရေးကာလ တိုတောင်းမှုကြောင့် CLD ပါတီ အခက်တွေ့နေ

ရွေးကောက်ပွဲ အတွေ့အကြံုမရှိသည့်အပြင် စည်းရုံးရေးကာလ တိုတောင်းမှုကြောင့် CLD ပါတီ အခက်တွေ့နေ

စစ်တွေ၊ စက်တင်ဘာ ၂၁ ။ ။ ၂၀၁၄ ခုနှစ်မှ စတင်ဖွဲ့စည်းလိုက်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD) သည် ရွေးကောက်ပွဲ အတွေ့အကြုံမရှိသည့်အပြင် စည်းရုံးရေးကာလ တိုတောင်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အဆင်မပြေမှုများရှိနေကြောင်း ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ဒေါ်မိုင်စုစုလှိုင်က ပြောသည်။

"တိုင်းရင်းသားနယ်မြေတွေက ကျလို့ရှိရင် အရမ်းဝေးတော့ တနယ်နဲ့တနယ်သွားလာရတာ ခက်ခဲတယ်။ အဲဒီအခါကျတော့ ကျမတို့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အချိန်ကလည်း တိုတောင်းတယ်။ တိုတောင်းတဲ့အတွက် အချိန်လုရတာကအစ ကျမတို့အတွက် သိပ်အဆင်မပြေဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တော့လည်း ပါတီအသစ်အနေနဲ့ သိပ်အဆင်မပြေဘူးပေါ့နော်။" ဟု ဒေါ်စုစုလှိုင်က ပြောသည်။

CLD ပါတီမှ ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)က ဦးမောင်ချစ်ဦး၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) ဦးဝင်းနိုင်၊ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ဦးအောင်ကျော်ဝင်း၊ မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံလှကျော်၊ ချင်းတိုင်းရင်းသားရေး ကိုယ်စားလှယ် ဒေါ်မိုင်စုစုလှိုင်တို့ အသီးသီး ဝင်ပြိုင်ကြမည်ဖြစ်သည်။

CLDပါတီမှ ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာလ ၈ ရက်မှ စတင်ကာ စည်းရုံးရေးစဆင်းနေပြီ ဖြစ်သော်လည်း ဒေါ်မိုင်စုစုလှိုင်မှာ လာမည့် ၂၃ ရက်နေ့မှသာ အမ်းမြို့နယ်ကို ပထမဦးဆုံး စတင်စည်းရုံးမည်ဖြစ်ကာ အချိန်ကာလ ၅ ရက်သတ်မှတ်ထားသည်ဟုဆိုသည်။

"တိုင်းရင်းသားနယ်မြေတွေမှာက လမ်းပန်းဆက်သွယ် မကောင်းတော့ စည်းရုံးရေးသွားရတာ သိပ်အဆင်မပြေကြဘူး။ ငွေရေးကြေးရေးပိုင်းမှာ ဆိုရင်လည်း ကျမတို့ တိုင်းရင်းသားပါတီတွေက ကိုယ်ထူကိုယ်ထ သွားနေရတော့ အများကြီးအဆင်မပြေပါဘူး။ နောက်ပြီးတော့ လူအင်အား တအားနည်းတာကလည်း အရမ်းကြီးကို အခက်အခဲတွေရှိပါတယ်။" ဟု ပြောသည်။

CLD ပါတီသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသများတွင် လွှတ်တော် ၃ ရပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် မဲဆန္ဒနယ် ၂၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD) ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ချင်းပြည်နယ် ပြင်ပတွင် နေထိုင်သည့် ချင်းလူမျိုးများ၏ ရပိုင်ခွင့်ကိုပါ ကြိုးပမ်းဆောင်ရွက်မည့် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုသည့် ပါတီအဖြစ် ကြိုးပန်းမည်ဟူသည့် မူဝါဒဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

CLD ပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးနှင့်ပတ်သက်ပြီး " ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ချင်းအဖွဲ့ချုပ်ကို မဲပေးကြစို့ " ကြွေးကြော်သံဖြင့် မဲဆွယ်စည်းရုံးသွားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly