မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ငွေကြေးအခက်အခဲကြောင့် စည်းရုံးရေးကြန့်ကြာနေ

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ ငွေကြေးအခက်အခဲကြောင့် စည်းရုံးရေးကြန့်ကြာနေ

စစ်တွေ၊ စက်တင်ဘာ ၂၁ ။ ။ ရခိုင်ပြည်နယ်တွင် မြို့နယ် ၅ ခုကနေ အမတ်လောင်း ၆ နေရာဝင်ပြိုင်မည့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MEDP) ငွေကြေးအခက်အခဲကြောင့် ထင်သလောက် ခရီးမပေါက်ဘဲ စည်းရုံးရေးအချိန် ကြန့်ကြာနေကြောင်း MEDP ဥက္ကဋ္ဌ ဦးစံသာအောင်က ပြောကြားသည်။

"လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက စည်းရုံးရေးတွေ ဆင်းနေကြပြီ၊ ဒါပေမယ့် ငွေကြေးအခက်အခဲရှိနေတာကြောင့် စက်လှေမငှားနိုင်ဘဲ လောင်းလှေနဲ့ သွားရတာရှိတယ်။ တချို့ရွာတွေဆိုရင် ခြေကျင်လျှောက်နေရတယ်။ အချိန်တွေ ကြာတာပေ့ါဗျာ။ ကျနော်တို့မှာက ရံပုံငွေသိပ်ရှိတာမဟုတ်ဘူး။ အခုလည်း ဟိုလူက ၃ သောင်းလှူ၊ ဒီလူက ၂ သောင်းလှူနဲ့။ ကျေးရွာတွေ ရောက်သွားရင်လည်း ထမင်း ဟိုအိမ်မှာတက်စား၊ ဒီအိမ်မှာ တက်စား စားနေရတယ်။ " ဟု ပြောသည်။

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှာ ကျောက်တော် ပြည်နယ်လွှတ်တော် အမှတ် (၁)နှင့် (၂) နှစ်နေရာ၊ ပေါက်တောမြို့နယ်၊ တောင်ပိုင်း ပြည်နယ်လွှတ်တော် အမှတ် (၂) တစ်နေရာ၊ မြောက်ဦး အမျိုးသားလွှတ်တော် တစ်နေရာ၊ ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်း ပြည်နယ်လွှတ်တာ် တစ်နေရာ၊ ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် တစ်နေရာ စုစုပေါင်း ၆ နေရာဝင်ပြိုင်သွားမည် ဖြစ်သည်။

ကျောက်တော်မြို့နယ်တွင် ပြည်နယ်လွှတ်တော် ၂ နှစ်နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေရာ ဝင်ပြိုင်ရန်လျှောက်ထားခဲ့သော်လည်း အမျိုးသားလွှတ်တော်မှ ဝင်ပြိုင်မည့် ဒေါ်ဇူလိုင်မိုးမှာ အသက်မပြည့်သောကြောင့် မြောက်ဦးခရိုင်တွင် ပယ်ချခံခဲ့ရသည်။ ပြည်နယ်သို့ အယူခံဝင်ရန်မှာလည်း ဒေါ်ဇူလိုင်မိုးမှာ ခရီးလွန်နေသောကြောင့် သူမအစား ဗဟိုက MEDP ပါတီမှာ အမျိုးသမီးတစ်ဦးတည်း ရှိသောကြောင့် အမတ်လောင်းအဖြစ် လက်ခံရန် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကော်မရှင်နဲ့ အမျိုးသားလွှတ်တော်သို့ အသနားခံစာ ပေးပို့ထားကြောင့် ဦးစံသာအောင်က ဆိုသည်။

ယခင်ရွေးကောက်ပွဲများတွင် ပလက်ဝမြို့နယ်က အမတ်လောင်းတစ်နေရာစီ ဝင်ပြိုင်ခဲ့သော်လည်း ယခုနှစ် မိုးရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့် ငွေကြေးအခက်အခဲကြောင့် စာရင်းသွင်းရန် အချိန်မမီခဲ့ပေ။

မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှာ ယခင်က မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့(ပါတီ) ဖြစ်ပြီး ယခုနှစ်အတွင်းမှာပဲ အမည်ပြောင်းလဲထားသည့် MEDP ပါတီဖြစ်ကြောင်း သိရသည်။

MEDP ပါတီ၏ မူဝါဒများမှာ စစ်မှန်သော ဒီမိုကရေစီ စနစ် ထွန်းကားလာရေးအတွက် တိုင်းရင်းသား အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတော်၏တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို ထိန်းသိမ်းဆောင်ရွက်သွားရန်တို့ ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစံသာအောင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly