အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ မန်စီတွင် တိုက်ပွဲပြင်းထန်နေ

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ မန်စီတွင် တိုက်ပွဲပြင်းထန်နေ
ဓာတ်ပုံ-အီးပီအေ
 

ချင်းမိုင်၊ စက်တင်ဘာ ၂၁ ။ ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့တွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက် နံနက် ၅ နာရီချိန်မှစတင်၍ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ နမ်လင်းပါကျေးရွာတွင် အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ခဲ့သဖြင့် KIA ဘက်ကလည်း လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီနေ့တိုက်ပွဲ ပြင်းထန်တယ်။ ဒီမနက် နမ်လင်းပါမှာက ၅ နာရီကနေ နာရီဝက်ကြာ တိုက်ပွဲဖြစ်တယ်။ မိုင်းခေါင်အနီး လိုင်ကာဇွပ်ဂျာရွာမှာက ၆ နာရီကနေ တိုက်ပွဲဖြစ်တာ ခုထိ (မွန်းလွဲပိုင်း ၂ နာရီ)ထိ တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

KIA တပ်ရင်း ၂၇ တပ်များ လှုပ်ရှားနေသော နေရာ လိုင်ကာဇွပ်ဂျာဘက် အစိုးရ စစ်တပ်များ ထိုးစစ်ဆင်လာသဖြင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

စက်တင်ဘာ ၁၈ရက် နေ့ခင်းတစ်နာရီခန့်က ထိုရွာသို့ တပ်မ၈၆မှ စတင်တိုက်ခိုက်ခဲ့ပြီး ၃နာရီခန့်တွင် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ ကေအိုင်အေမှ ထိုတပ်စခန်းအားပြန်ပေးရန် ပြောဆိုသော်လည်း အမိန့်အရ ပြန်မပေးနိုင်ကြောင်း အကြောင်းပြန်သောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဗန်းမော်ခရိုင်ဒေသတွင်း အပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့မှ ကိုအောင်မျိုးဆန်းက မဇ္ဈိမကို ပြောသည်။

“အစိုးရဘက်က ထိုးစစ်ဆင်နေဆိုတော့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ဒီဘက် ကျနော်တို့နဲ့က မဆိုင်ဘူးထင်တယ်”ဟု တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ နံနက်ပိုင်းမှစတင်၍ ကချင်ပြည်နယ် ဗန်မော်ခရိုင်တွင် အစိုးရဘက်မှ ထိုးစစ်ဆင်မှုများကြောင်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် ယုံကြည်မှု ပိုမိုလျော့နည်းလာသလို၊ ယုံကြည်မှုလည်း လျော့နည်းသွားသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးဆန်အောင်က ပြောသည်။

“ဗန်းမော်ဘက် ဒီမနက်ကနေ အစိုးရစစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးရဖို့ အလားအလာ ပိုလျော့နည်းလာတယ်။ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မပေးနိုင်ဘူးဆိုတော့ အစိုးရဘက်က ထိုးစစ်ဆင်နေသ၍ ငြိမ်းချမ်းရေးမရဘူး။ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးရဖို့ အနှောက်အယှက် ဖြစ်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသဘက်တွင်မူ ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၁ရက်တွင် တည်ငြိမ်နေသော်လည်း အစိုးရ စစ်တပ်က လှုပ်ရှားမှုများ ရှိနေဆဲ ဖြစ်ပွားဟု ကေအိုင်အေ တပ်မဟာ ၄ မှ ဒုဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကို ပြောသည်။

အစိုးရဘက် NCA လက်မှတ်ရေးထိုးရေး တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ခေါ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့တွင် KIO အဖွဲ့လည်း ပါဝင်သည်။

သို့သော် NCA လက်မှတ်ရေးထိုးရန်အတွက် KIO သည် အဆင်သင့်မဖြစ်သေးကြောင်း မကြာသေးမီက KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက ရန်ကုန်မြို့ ကချင်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly