ရန်ကုန်နည်းပြဂျက်ဆစ် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ

ရန်ကုန်နည်းပြဂျက်ဆစ် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ
ရန်ကုန်အသင်းနှင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့သည့် နည်းပြဂျက်ဆစ် (ဓါတ်ပုံ ရွှေဘုတ်)

စက်တင်ဘာ ၂၁၊ ရန်ကုန်။      ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီ လိဂ်ပွဲစဉ် ၁၈ အပြီးတွင် အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြချုပ် ဂျက်ဆစ်နှင့် လက်ထောက်နည်းပြ ဆာဒန်၊ ကြံ့ခိုင်ရေးမှူးနည်းပြ ဘိုဂျန်တို့အား အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲလိုက်သည် ဟု ရန်ကုန်အသင်း အထွေထွေမန်နေဂျာ  ဦးကျော်လင်းထွေးက ပြောသည်။

ဆာဘီးယားလူမျိုး နည်းပြဂျက်ဆစ်သည် ၂၀၁၅ ဘောလုံးရာသီမစတင်မီ ရန်ကုန်အသင်းသို့ လက်ထောက်နည်းပြ ဆာဒန်နှင့် အတူ ရောက်ရှိလာခဲ့ပြီး ကြံ့ခိုင်ရေးမှူး နည်းပြ ဘိုဂျန်မှာမူ ရာသီဝက်မှ အသင်းသို့ လာရောက်ပူးပေါင်းခြင်း ဖြစ်သည်။

ဂျက်ဆစ်သည် ရန်ကုန်အသင်းကို မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ ပွဲ၌ ၁၅ ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၄၆ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ဒိုင်းရှုံးထွက်ပြိုင်ပွဲတွင်မူ GFA အသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၆ အသင်းအဆင့်မှပင် ထွက်ခွာရခဲ့သည်။

“ ဂျက်ဆစ်နဲ့ ကျွန်တော်တို့က ရတနာပုံနဲ့ ပွဲမတိုင်ခင်ကတည်းက လမ်းခွဲဖို့ ကြိုသဘောတူထားတာပါ။ ပြီးခဲ့တဲ့ ခွင့်ရက်တုန်းက သူ ဆာဘီးယားပြန်တုန်း ဥရောပ ကလပ်အသင်းတစ်သင်းက သူ့ကို လှမ်းချိတ်တဲ့အတွက် ပြောင်းဖို့ ဆုံးဖြတ်သွားတာပါ။ အသင်းကိုတော့ ကျွန်တော်တို့ သေချာမသိပါဘူး။ သူကလည်း ပြောင်းချင်တယ်ပြောတာနဲ့ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။ ဘာပြဿနာမှ မရှိပါဘူး။ လက်ကျန်ပွဲတွေကိုတော့ ဦးတင်မောင်ထွန်းကပဲ ဆက်တာဝန်ယူသွားမှာပါ ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

နည်းပြသစ် ဦးတင်မောင်ထွန်းသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီ ရန်ကုန်နည်းပြ အဲရစ် နုတ်ထွက်သွားသည့်အချိန်၌ လိဂ်လက်ကျန်ပွဲစဉ်များကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး အေအက်ဖ်စီလိုင်စင်ရ နည်းပြတစ်ဦးဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား၌ ဒုတိယနေရာမှ ရတနာပုံအသင်းကို ၁၃ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး လက်ကျန်ပွဲစဉ် ငါးပွဲအဖြစ် မကွေး၊ ကမ္ဘောဇ၊ ဇေယျာရွှေမြေ၊ ဇွဲကပင်၊ ချင်းယူနိုက်တက် စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly