ကိုကိုးကျွန်းတွင် အတိုက်အခံပါတီ မဲဆွယ်စည်းရုံးရန် ၃ဦးသာခွင့်ပြု

ကိုကိုးကျွန်းတွင် အတိုက်အခံပါတီ မဲဆွယ်စည်းရုံးရန် ၃ဦးသာခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။ ။ ကိုကိုးကျွန်းတွင် မဲဆွယ်စည်းရုံးရန် ၃ဦးသာ သွားခွင့်ပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး၊ စည်းရုံးရေးခရီးစဉ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က စက်တင်ဘာ ၂၁ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

သို့သော် သွားရောက်ရမည့် ရက်အတိအကျကိုမူ မသိရှိသေးဟု ၎င်းက ပြောသည်။

ယင်းအပြင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် လုံခြုံရေးအတွက် ကျည်ကာအင်္ကျီဝတ်ဆင်ရမည့်ကိစ္စကိုမူ သဘောမတူဟု ဦးဝင်းထိန်က ပြောကြားလိုက်သည်။

ကိုကိုးကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရပါတီပြည်ခိုင်ဖြိုးမှ ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) သူရဦးသက်ဆွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းမင်းတို့ နှစ်ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ကိုကိုးကျွန်းမြို့နယ်၌ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၀၀၀ ကျော်သာ ရှိသည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌ ဦးမြတ်စိုးက မဇ္ဈိမကို ပြောထားသည်။

၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအားလုံးကို စက်တင်ဘာလ ၈ရက်မှ နိုဝင်ဘာ ၆ ရက်ထိ မဲဆွယ်စည်းရုံးနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly