ပူတင်၊ ဘာလူစကိုနီနှင့် နှစ်၂၄၀သက်တမ်းရှိ ဝိုင်တစ်ပုလင်း

ပူတင်၊ ဘာလူစကိုနီနှင့် နှစ်၂၄၀သက်တမ်းရှိ ဝိုင်တစ်ပုလင်း

ကက်သရင်းသည်ဂရိတ် စိုးစံစဉ်ကာလက မြို့စားကြီး မစ်ခေး ဗိုရွန်ဇော့က ၁၇၇၅ခုနှစ်ထုတ် ဂျီရက်ဇ် ဒီလာ ဖရွန်တီရာ ဝိုင်တစ်ပုလင်းကို ကရိုင်းမီးယားသို့ ယူဆောင်လာခဲ့ရာ ထိုဝိုင်ပုလင်းမှာ ကာလတန်ကြေးအားဖြင့် ယူရို ၈၀၀၀၀တန်သည်။ စက်တင်ဘာလ ၁၈ရက်နေ့က ရုရှသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီတို့က ထိုဝိုင်ပုလင်းကို သောက်ပစ်ခဲ့ကြသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာနေသည်။

ရုရှသမ္မတက ၎င်း၏မိတ်ဆွေ အီတလီဝန်ကြီးချုပ်ဟောင်းကို ကရိုင်းမီးယားရှိ မက်ဆန်ဒရာ ဝိုင်ဖောက်ရုံကို လှည့်လည်ပြသရာမှ နှစ်ယောက်သားက ဝိုင်လှောင်ခန်းထဲတွင် အရည်အသွေးမြင့် ပုလင်းများအကြောင်း မေးမြန်းကြရင်း ဘာလူစကိုနီက ၁၈၉၁ ဟု တံဆိပ်ကပ်ထာသည့် အုပ်စုထဲတွင် လှောင်ထားခဲ့သည်ဟု ယူဆရသော ၁၇၇၅ ဂျီရက်ဇ် ဒီ လာ ဖရွန်တီရာ ၅ပုလင်းထဲမှ တစ်လုံးကို ကောက်ကိုင်၍ ဒါသောက်လို့ရသလားဟု မေးလိုက်သည်ဟု ဆိုသည်။

လွတ်လပ်သောဥရောပ အသံလွှင့်ဌာန၏ ပြောကြားချက်အရ မက်ဆန်ဒရာ၏ ညွှန်ကြားရေးမှူး ယာနီနာ ပက်လင်ကိုက ''ရပါတယ်ခင်ဗျာ''ဟု ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

ပူတင်နှင့် ဘာလူစကိုနီတို့ ထိုဝိုင်အရက်ကို မည်ရွေ့မည်မျှ သောက်သုံးခဲ့သည်ဆိုသည်ကို ကွဲကွဲပြားပြား မသိရသော်လည်း ယူကရိန်းရှေ့နေများမှာမူ ဒေါသူပုန်ထလျှက်ရှိကြပြီး ပက်လင်ကိုကို တရားစွဲရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

''ဒီဝိုင်ပုလင်း ၅လုံးက မက်ဆန်ဒရာပိုင်လည်းမဟုတ်သလို၊ ကရိုင်းမီးယားရဲ့ အမွေအနှစ်လည်းမဟုတ်ဘဲ ယူကရိန်းပြည်သူအားလုံး ပိုင်ဆိုင်တာပါ''ဟု ကိယ်ဗ်တွင် ပြည်နှင်ခံခိုလှုံနေရသည့် ကရိုင်းမီးယား ပထမလက်ထောက်ရှေ့နေ နာဇာ နာဇာ ခိုလော့နစ်စကီးက ပြောကြားခဲ့သည်။

၁၈၉၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် မက်ဆန်ဒရာမှာ ၂၀၁၄ခုနှစ် မတ်လတွင် ရုရှက ကရိုင်းမီးယားကို ၎င်း၏ ပိုင်နက်ထဲမသွတ်သွင်းမီအထိ ယူကရိန်းအစိုးရပိုင် ဖြစ်ခဲ့သော်လည်း လက်ရှိ ရုရှက အပြည့်အဝထိန်းချုပ်ထားရာ ကရိုင်းမီးယားတွင်မူ မည်သို့သော တရားစွဲမှုကိုမျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။

ရုရှပိုင်နက်အတွင်းသို့ ကျရောက်သွားပြီးနောက် ၂၀၁၄ခုနှစ် ဇွန်လတွင် ထိုဝိုင်ဖောက်စက်ရုံမှာ အီးယူက ဒဏ်ခတ်ပိတ်ဆို့သည့် စီးပွားရေးလုပ်ငန်းများထဲတွင် ပါဝင်သွားခဲ့သည်။

Ref: Politico

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly