ခတ္တမန္ဒူ ၊ စက်တင်ဘာ ၂၀ ။ ။ နီပေါနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရားဝင်ပြဌာန်းတော့မည်ဖြစ်ရာ ဆန္ဒပြကန့်ကွက်မှုများဖြစ်ပွားပြီး ပဋိပက္ခများအတွင်း လူသေဆုံးမှုများ ဖြစ်ပွားသည်။
တောင်ပိုင်းမြို့ ဘာဂန်ဂျီတွင် ကာဗျူးမိန့် ထုတ်ထားသည်ကို ဖီဆန်ကန့်ကွက်သည့် လူအုပ်အား လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ရာ လူတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။
ယခုဖွဲ့စည်းပုံသစ်သည် ဟိမဝန္တာနိုင်ငံ နီပေါနိုင်အား ပြည်နယ်ခုနစ်ခုဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာစေမည့် ဖွဲ့စည်းပုံဖြစ်သည်။
သို့သော် နိုင်ငံအား ဟိန္ဒူနိုင်ငံတစ်နိုင်ငံအဖြစ်သာ ရှိစေလိုသည့် တစ်ချို့သော ကန့်ကွက်သည့် အုပ်စုများလည်းရှိသလို လူနည်းစုတိုင်းရင်းသားများကလည်း ယင်းဖွဲ့စည်းပုံကြောင်း ခွဲခြားဆက်ဆံမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်မကင်းဖြစ်နေကြသည်။
Tharu နှင့် Madhesi တိုင်းရင်းသားအုပ်စုများ ကြီးမှူးသည့် ဆန္ဒပြပွဲများက နိုင်ငံတောင်ပိုင်းတွင် ပေါ်ပေါက်ဖြစ်ပွားနေသည်မှာ သီတင်းပတ်များ ကြာမြင့်ပြီဖြစ်သည်။
ယင်းမတည်ငြိမ် မငြိမ်မသက်မှုများအတွင်း သေဆုံးသူ အနည်းဆုံး ၄၀ ရှိသွားပြီး အာဏာပိုင်များက ကာဖျူးမိန့်ထုတ်ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလည်း ဖြန့်ကြက်ချထားသည်။
ပါဆာခရိုင် ဘာဂန်ဂျီမြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ရန်အတွက် Madhesi လူအုပ်ထောင်ပေါင်းများစွာက ကာဗျူးမိန့်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်။
"ကာဗျူးမိန့်ကို ဖီဆန်ပြီး လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ခဲ့ကြတယ်။ ရဲတွေက ပစ်ခတ်ဖြိုခွင်းလို့ လူတစ်ဦး သေဆုံးသွားရတယ်။"ဟု ပါဆာခရိုင်အကြီးအကဲ ကီရှိရတ်ဂီမီရီက အေအက်ဖ်ပီသတင်းသို့ ပြောသည်။
"သူတို့က ကျောက်ခဲတွေ၊ ပုလင်းဘူးခွံတွေနဲ့ ပြန်ပြီးတိုက်ခိုက်ကြတယ်။ တစ်ချို့လုံခြုံရေးအဖွဲ့ဝင်တွေ ဒဏ်ရာရပါတယ်။ ဆန္ဒပြသူတွေဖက်မှာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒီမှာ အခြေအနေ တော်တော်တင်းမာပါတယ်။"ဟု ၎င်းကပြောသည်။
မြို့တော် ခတ္တမန္ဒူတွင်လည်း ဆန္ဒပြသမှုတစ်ချို့ဖြစ်ပွားသော်လည်း လူအင်အားအနည်းအကျဉ်းမျှသာရှိကာ အချိန်အနည်းငယ်မျှသာ ကြာသည့် ဆန္ဒပြမှုများ ဖြစ်ပွားခြင်းဖြစ်သည်။
Ref: BBC