ပလောင်တပ်နှင့် အစိုးရ တိုက်ပွဲဆက်တိုက်ရှိနေ၍ အပစ်ရပ်ဆွေးနွေးရန် အခက်အခဲရှိနေဟုဆို

ပလောင်တပ်နှင့် အစိုးရ တိုက်ပွဲဆက်တိုက်ရှိနေ၍ အပစ်ရပ်ဆွေးနွေးရန် အခက်အခဲရှိနေဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၀ ။ ။ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် အစိုးရတို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေစဉ် ပဏာမ အပစ်အခတ် ရပ်စဲရန်အတွက် တွေ့ဆုံဆွေးနွေးရန် အခက်အခဲ ရှိနေသည်ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် စက်တင်ဘာလ ၁၈ ရက်က MPCမှ ဦးညိုအုန်းမြင့်က ယခုလမကုန်မီ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံရန် ဖုန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့တက်ဖို့ အခက်အခဲရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ရန်ကုန်၊ နေပြည်တော် သွားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

PSLF ဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီ အစည်းအဝေးတွင် စက်တင်ဘာလ ၁၈ ရက်မှစတင်၍ ကျင်းပနေကာ အစိုးရနှင့် တွေ့ဆုံ၊ မတွေ့ဆုံရေး ဆုံးဖြတ်ကာ တွေ့ဆုံဆွေးနွေးမည့် ရက်သတ်မှတ်ရေး ညှိနှိုင်းနေသည်ဟု သူက ပြောသည်။

ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေဆဲ ဖြစ်ပြီး “ကျနော်တို့အဖွဲ့အစည်း လုပ်ငန်းစဉ်တွေပါပဲ။ အန်စီအေ လက်မှတ်ထိုးမထိုးက နဂိုကတည်းက ပြောထားပြီ အားလုံးပါဝင်မှသာလျှင် လက်မှတ်ထိုးနိုင်မယ်။ ဒီအတိုင်း မဟုတ်ဘူးဆိုရင်တော့ ထိုးနိုင်မှာ မဟုတ်ပါဘူး”ဟု သူက ပြောသည်။

“အစိုးရဘက်ကတွေ့ဖို့ ဖုန်းနဲ့ကမ်းလှမ်းတာပဲရှိတယ်။ သူတို့ကမ်းလှမ်းတဲ့ အချိန်မှာ ကျနော်တို့ လောလောဆယ်မှာ မအားသေးလို့ မတွေ့နိုင်သေးဘူး။ အားတဲ့အချိန် တွေ့မယ်၊ မတွေ့ဖြစ်ဘူးဆိုတာ ကျနော်တို့ အကြောင်းပြန်မယ်”ဟု တာဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၇ ရက်မှစတင်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ နားမွန်းကျေးရွာ အနီးတွင် TNLA နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ယနေ့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

“ဒီနေ့ တိုက်ပွဲတွင် ရှိတယ်။ ဒီနှစ်ရက် သုံးရက်က ဆက်တိုက်ဖြစ်တယ်။ မြန်မာအစိုးရတပ်က ကျနော်တို့ နေတဲ့ဘက်ကို တက်လာတော့ တိုက်ပွဲ ဖြစ်တာပဲ”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

တအာင်းဒေသအနှံ့တွင် မြန်မာ့တပ်မတော်မှ တပ်အင်အား ထပ်မံဖြည့်တင်း၍ ထိုးစစ်ဆင်လာပြီး TNLA တပ်များ လှုပ်ရှားသည့်နေရာများသို့ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်သဖြင့် တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်ဟု TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း စတင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် PSLF ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်နယ်အဆင့် နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပဏမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းက သမ္မတ ဦးသိန်းစိန်က PSLF/TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ကို အပစ်အခတ် ရပ်စဲရန် ဖိတ်ခေါ်မှုတွင် ပါဝင်ခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကို ဖိတ်ခေါ်မှုတွင် မပါဝင်ပေ။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးပြီးနောက် ယခုရက်ပိုင်းအတွင်း အစိုးရ စစ်တပ်ဘက်မှ တအာင်းဒေသ အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ကိုးကန့်တပ်မတော် MNDAA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပိုမိုလှုပ်ရှားလာသည်ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

လတ်တလော ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း KIA နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်နေသည်။

မကြာမီက သမ္မတ ဦးသိန်းစိန်သည် ကိုးကန့်တပ်မတော်ကိစ္စနှင့်ပတ်သက်၍ ကိုင်တွယ်မည်ကို ပြောဆိုမှုများ ရှိသော်လည်း ယနေ့ထိ မည်သည့် ကမ်းလှမ်း ပြောဆိုလာခြင်း မရှိသေးဘဲ ကိုးကန့်ဒေသတွင် အစိုးရဘက်မှ လက်နက်ကြီးများ နေ့စဉ် ပစ်ခတ်မှုများ ရှိနေပြီ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ကိုးကန့်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly