၉၀ ရာခိုင်နှုန်း မှားနေတဲ့ မဲဆန္ဒရှင် စာရင်း

၉၀ ရာခိုင်နှုန်း မှားနေတဲ့ မဲဆန္ဒရှင် စာရင်း

စက်တင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင်စာရင်းတွင် လွဲမှားမှုများစွာ ထပ်မံ ကြုံနေရပြန်သည်။ မဲဆန္ဒရှင် စာရင်းတွင် မှားနေကျ အမှားများသာမကဘဲ မမှားသင့်သည့် အမှားပေါင်း မြောက်မြားစွာ ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သာမန်အမှားဆိုသည်မှာ လူနာမည်စာလုံးပေါင်း မှားယွင်းခြင်း၊ မဲဆန္ဒရှင် မွေးနေ့များ လူပေါင်း များစွာနှင့် မွေးနေ့တစ်ခုတည်း ဖြစ်နေခြင်း၊ မှတ်ပုံတင်နံပတ် မပါခြင်း၊ အသက်မပြည့်သေးသူများ ပါ နေခြင်း၊ သေဆုံးသူများ ပါခြင်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းကို ပြုစု ထုတ်ပြန်ရာတွင် လမ်းအလိုက် ရပ်ကွက်အလိုက် စာရင်းပြုစုလျက် ထုတ်ပြန်ခြင်းဟု ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါသည်။ သို့သော် အမှန်တကယ် မဲဆန္ဒရှင် စာရင်း ထွက်လာသည့်အခါ လမ်းတစ်လမ်း၏ မဲစာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သော်လည်း အခြားသူ များ နေထိုင်သည့် လမ်းအမည်၊ ရပ်ကွက်အမည်များ ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။

လေ့လာမိသည့် မဲဆန္ဒရှင်စာရင်း စာရွက်တစ်ရွက်တွင် အမှားသည် ၉၀ ရာခိုင်နှုန်း ဖြစ်နေပြီး ၁၀ ရာခိုင်နှုန်းသည်သာ အမှန်ဟု ယူဆနိုင်သည့် အချက်ကို တွေ့ရှိရသည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းစာရွက်တွင် မဲပေးနိုင်သူ ၁၀ ဦး၏ စာရင်းကို ဖော်ပြထားသည်။ ပထမဆုံးသူ တစ်ဦးသာ အမည် မှတ်ပုံတင်အမှတ်၊ လမ်းအမည်တို့ မှန်ကန်ပြီး အခြားသူ ၉  ဦးစလုံး မှာ မှားယွင်းနေခြင်း ဖြစ်သည်။

မှားပုံမှားနည်းမှာ လေးဦး၏ မှတ်ပုံတင်အမှတ် မပါရှိခြင်း ဖြစ်သည်။ အခြားသူနှစ်ဦးမှာ မောင်နီ၊ ဖြစ်ရမည့်အစား မနီဖြစ်နေခြင်း၊ အခြားအမှားတစ်ခုမှာ လမ်းတစ်ခုတွင် နေထိုင်ခြင်းမရှိသည့် သူတစ်ဦး အဆိုပါ ရပ်ကွက်ရှိ မဲဆန္ဒရှင်စာရင်းတွင် ပါရှိနေခြင်း၊ အခြားသူနှစ်ဦးမှာ မှတ်ပုံတင်နံပါတ် အမှန်များ ဖြစ်သော်လည်း လူအမည် မှားယွင်းနေခြင်းတို့ ဖြစ်သည်။

ယင်းကဲ့သို့သော အမှားအယွင်းများ ဖြစ်ပေါ်နေသည့် ရပ်ကွက်တစ်ခုအတွင်းရှိ မဲဆန္ဒရှင်များ အတွက် ယင်းတို့၏ မဲပေးလိုစိတ်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပါသည်။ ယင်းကဲ့သို့ မြောက်မြား စွာသော အမှားမျိုး ဖြစ်ပေါ်နေသည့် မဲစာရင်းကိုကြည့်ကာ မဲဆန္ဒရှင်များ တက်ကြွစွာ မဲပေးလိုမည် မဟုတ်တော့ပေ။

နိုင်ငံသားတစ်ဦး၏ တာဝန်တွင် ရွေးကောက်ပွဲများအတွင်း မဲပေးရမည့် တာဝန်ရှိသကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်သည်လည်း မဲစာရင်း မှန်ကန်ရန် အဓိက တာဝန်ရှိသူမှာ ရွေးကောက်ပွဲ ကော်မရှင်ပင် ဖြစ်ပါလိမ့်မည်။

ထိုမျှ မှားယွင်းနေသော မဲဆန္ဒရှင် စာရင်းများအတွက် ရွေးကောက်ပွဲ ကော်မရှင်အပေါ် ပြည်သူ တို့၏ ယုံကြည်မှုကိုလည်း ကျဆင်းစေမည်သာ ဖြစ်သည်။ ယုံကြည်မှု ကျဆင်းပါက ရွေးကောက်ပွဲ ရလဒ်နှင့် ရွေးကောက်ပွဲ အောင်မြင်မှုသည်လည်း တိုက်ရိုက် ဆက်စပ် ထိခိုက်နိုင်သည်။

ယခု မဲဆန္ဒရှင် စာရင်းကိုပင် မှန်ကန်အောင် ပြုစုနိုင်ခြင်းမရှိသည့် တိုင်းပြည် တစ်ပြည်ကို စီမံ ခန့်ခွဲသူများ၏ လုပ်ရည်ကိုင်ရည်နှင့် အရည်အသွေးသည်လည်း ထိခိုက်မည်မှာ အမှန်ပင် ဖြစ်သည်ကို သတိချပ်ရန် အထူး လိုအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags