ကွန်ပျူတာတွင် မဲစာရင်းထည့်သွင်းမှု အင်္ဂလိပ် အက္ခရာအတိုင်း စဉ်ထားသည်ကို မဲစာရင်း ကြေညာပြီးမှ သိရဟု ဦးတင်အေးဆို

ကွန်ပျူတာတွင် မဲစာရင်းထည့်သွင်းမှု အင်္ဂလိပ် အက္ခရာအတိုင်း စဉ်ထားသည်ကို မဲစာရင်း ကြေညာပြီးမှ သိရဟု ဦးတင်အေးဆို
ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေငြာထားသော မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးအား စက်တင်ဘာ ၁၉ရက်၊ နံနက် ၉နာရီတွင် တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)၊

နေပြည်တော်၊ စက်တင်ဘာ ၁၉။ ။ ကွန်ပျူတာ စနစ်အတွင်း မဲဆန္ဒရှင်စာရင်း ထည့်သွင်းရာတွင် အင်္ဂလိပ် အက္ခရာ (A-Z) အတိုင်း စဉ်ထားသည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမသိရှိဘဲ ဖြစ်ခဲ့ပြီး မဲစာရင်း ကြေညာပြီးမှသာ သိရှိခဲ့ရသည်ဟု ဦးတင်အေးကဆိုသည်။

ထို့ကြောင့် စက်တင်ဘာလ ၁၄ ရက် မတိုင်ခင် မဲဆန္ဒရှင်စာရင်း ကြည့်ရှုမည့် အများပြည်သူသို့ ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်၍ ပညာပေး လုပ်ဆောင်ရမည့် တာဝန်တစ်ခုကို မေ့လျှော့ခဲ့ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဝန်ခံသည်။

“ကျွန်တော်တို့ ကျတော့ ကွန်ပျူတာ ထည့်ရတာကိုး ကွန်ပျူတာထဲ ထည့်ရတဲ့ အခါကျတော့ D(အင်္ဂလိပ်အက္ခရာ) က စလာတဲ့ အမျိုးသမီးက အပေါ်ရောက်နေတာ ဦးဆိုတော့ အောက်ကို ဆင်းသွားတယ် အဲ့ဒါမျိုးတွေ ဖြစ်ကုန်တာတွေ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဒါကို လူထုကို ကြို ပညာပေးရမှာ ကျွန်တော်တို့ မပေးလိုက်မိဘူး” ဟု ဦးတင်အေးက စက်တင်ဘာလ ၁၉ ရက် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်မနားမြို့နယ် ရွှေချီရပ်ကွပ် ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်သည့် ကျား၊မ အမည်များကို ကွန်ပျူတာတွင် အင်္ဂလိပ်အက္ခရာ အစဉ်လိုက် ထည့်သွင်း၍ ကြေညာခဲ့ရရာ လူထုသို့ ကြိုတင်၍ ပညာပေးရမည်ကို မဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးတင်အေးက ဆိုခြင်းဖြစ်သည်။

ဦးတင်အေးသည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားမှုများကို စက်တင်ဘာလ(၁၉)ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပြီး ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

“မဲစာရင်းတွေ လိုက်ကြည့်တာပါ အဆင်ပြေ မပြေလိုက်ကြည့်တာပါပဲ ဘယ်လိုကပ်ထားလဲ လူထုတွေ ရှာရဖွေရ အဆင်ပြေရရဲ့လား ဒါလေးတွေကို လိုက်ကြည့်တာပါ” ဟု ဦးတင်အေးက ပြောသည်။

ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာ ကော်မရှင် ရုံးများတွင် မဲစာရင်း ကြေညာထားရှိမှုကိုလည်း သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်းလည်း ဦးတင်းအေးက ပြောကြားခဲ့သည်။

မဲစာရင်းကြည့်ရှုရာတွင် အများပြည်သူများအနေနှင့် မိမိအမည်ရှာ၍ မတွေ့ပါက အဆင်ပြေစေရန် ကော်မရှင်ရုံး အဖွဲ့ခွဲများတွင် အကူအညီ ရယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly