ကျေးရွာ ၂၁၅ အုပ်စု ဖွံ့ဖြိုးရေးတွင် အီတလီနိုင်ငံမှ ချေးငွေယူရိုသန်း ၂၀ ထည့်ဝင်

ကျေးရွာ ၂၁၅ အုပ်စု ဖွံ့ဖြိုးရေးတွင် အီတလီနိုင်ငံမှ ချေးငွေယူရိုသန်း ၂၀ ထည့်ဝင်
Photo Credit - Embassy of Italy-Yangon

နေပြည်တော် စက်တင်ဘာ ၁၉ ။        ။ တိုင်းဒေသကြီးတစ်ခုနှင့် ပြည်နယ်လေးခုရှိ ကျေးရွာအုပ်စုပေါင်း ၂၁၅ အုပ်စုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အီတလီနိုင်ငံမှ ယူရိုသန်း ၂၀ ထုတ်ချေးပေးမည်ဖြစ် သည်။

အမေရိကန်ဒေါ်လာ ၂၂ သန်းခွဲ နှင့်ညီမျှသည့် ယင်းအတိုးနည်းချေးငွေသဘောတူစာချုပ်ကို စက်တင်ဘာ ၁၈ ရက် တွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ လက်မှတ်ရေးထိုးကြ သည်။

အဆိုပ်ချေးငွေဖြင့် ကချင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ ကျေးရွာအုပ်စုပေါင်း ၂၁၅ အုပ်စု၌ မီးလင်းရေး၊ ရေပေးရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆိပ်ခံတံတား ၊ဈေး၊ ပန်းခြံငယ်များ၊ ကျောင်းအဆောက်အဦးနှင့် ဆည်မြောင်းငယ်များကို တည်ဆောက်ပေးသွားမည်ဟု သိရသည်။

ချေးငွေဆိုင်ရာသဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mr. Pier Giorgio Aliberti နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့က လက်မှတ်ရေးထိုးကြသည်။

လက်မှတ်ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်နှင့် အီတလီသံအမတ်ကြီး Mr. Pier Giorgio Aliberti တို့က အမှာစကားပြောဆိုသည်။

အီတလီအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လူထုဗဟိုပြုစီမံကိန်းကိုတိုးချဲ့ ဆောင်ရွက်နိုင်ရန် အတိုးနည်းချေးငွေ ယူရိုသန်း ၂၀ ကိုကူညီထောက်ပံ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ယခင်က ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ငွေကျပ် ၃၂ ဒသမ ၄ သန်း ထောက်ပံ့နိုင်ရာမှ အီတလီနိုင်ငံက ယခုချေးငွေထည့်ဝင်မှုကြောင့် ၃၉ ဒသမ ၆ သန်းအထိ တိုးမြှင့်ထောက်ပံ့ ပေးနိုင်တော့မည်ဖြစ်ပြီး စီမံကိန်းကာလကိုလည်း ၄ နှစ်အထိ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဟုသိရသည်။

ယခု အစီအစဉ်သည် မြန်မာအစိုးရက ဆောင်ရွက်နေသည့် ကျေးလက်ဒေသ၌ ဝင်ငွေတိုးမြင့်လာစေရေးနှင့် ဆင်းရဲမှု ပပျောက်ရေးတို့ကို ရည်မှန်းသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကဲ့သို့ ကျေးလက် ဖွံ့ဖြိုးရေးစီမံချက်များထဲမှ တစ်ခုဖြစ်သည်။

Ref; MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly